ဝါရှင်တန်ရှိ အာဖဂန်နစ္စတန်သံရုံး ပိတ်သိမ်းနိုင်ဖွယ်ရှိ

By Khaama
20 March 2022
ဝါရှင်တန်ရှိ အာဖဂန်နစ္စတန်သံရုံး ပိတ်သိမ်းနိုင်ဖွယ်ရှိ

အမေရိကန်ရှိ အာဖဂန်နစ္စတန်သံရုံးနှင့် ကောင်စစ်ဝန်ရုံးများသည် လက်ရှိအချိန်တွင် ဘဏ္ဍာရေးပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့်အတွက် လာမည့် သီတင်းပတ်ထဲတွင် ပိတ်သိမ်းရမည့် အခြေအနေသို့ ရောက်သွားလိမ့်မည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းရင်းမြစ်များကို ကိုးကားလျက် အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။

သံရုံးနှင့် ကောင်စစ်ဝန်ရုံးများ၏ ဘဏ်အကောင့်များကိုလည်း အာဖဂန်သံတမန်များအတွက် အသုံးပြု၍ မရနိုင်တော့ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အမေရိကန်ရှိ အာဖဂန်သံတမန်များကိုလည်း ၎င်းတို့ မူလနိုင်ငံသို့ ပြန်ပို့မခံရစေရေးအတွက် အမေရိကန် ဗီဇာတစ်ခု လျှောက်ထားရန် အချိန် တစ်လပေးထားကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောခဲ့သည်။

ဝါရှင်တန်ရှိ သံရုံး၊ နယူးယော့ခ်နှင့် လော့စ် အိန်ဂျလိစ်တို့ရှိ ကောင်စစ်ဝန်ရုံးများနှင့် ကုလသမဂ္ဂဆိုင်ရာ အာဖဂန်နစ္စတန် အမြဲတမ်းရုံးတို့တွင် အခြေချနေထိုင်သည့် အာဖဂန်သံတမန်ဦးရေ ၉၀ မှ ၁၀၀ အကြား ရှိနေသည်။

“အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ သံရုံးနဲ့ အနီးကပ် ညှိနှိုင်းပြီး အာဖဂန်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေကို ဖြည်းဖြည်းချင်း ပိတ်သွားဖို့ ပြင်ဆင်နေပါတယ်။ သံတမန်မစ်ရှင်အနေနဲ့ နိုင်ငံအတွင်းမှာ လုပ်ငန်းတွေ ပြန်မစနိုင်ခင်အထိ နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က အာဖဂန်နစ္စတန်ရဲ့ ပစ္စည်းတွေကို ကာကွယ်စောင့်ရှောက်ပေးသွားမှာဖြစ်ပါတယ်” သတင်းရင်းမြစ်၏ ပြောကြားချက်ကို ကိုးကားပြီး အေအက်ဖ်ပီက ဖော်ပြသည်။

သံရုံးနှင့် ကောင်စစ်ဝန်ရုံးများ ပိတ်သိမ်းမှုနှင့် စပ်လျဉ်းပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ ပေးပို့သည့် စာတစ်စောင်ကို ရရှိထားကြောင်း အမေရိကန်တွင် အခြေစိုက်သည့် အာဖဂန်သံတမန်များက အစောပိုင်းက အတည်ပြုခဲ့သည်။ ထို့ပြင် သံရုံး၏ ဘဏ်အကောင့်များလည်း ပိတ်သိမ်းထိန်းချုပ်ခံထားရကြောင်း ၎င်းတို့က ပြောသည်။

ယင်းကဲ့သို့ ပိတ်မည်ဆိုပါက တာလီဘန်တို့ အာဖဂန်နစ္စတန်ကို ထိန်းချုပ်သွားပြီးနောက်ပိုင်း ပြည်ပတွင် ပထမဆုံး ပိတ်သွားသည့် အာဖဂန်သံရုံး ဖြစ်လာမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly