တရုတ်မှ ဓာတ်ဆီတင်သွင်းမှုအပေါ် အခွန်စည်းကြပ်ရန် ပါကစ္စတန် ဆုံးဖြတ်

တရုတ်မှ ဓာတ်ဆီတင်သွင်းမှုအပေါ် အခွန်စည်းကြပ်ရန် ပါကစ္စတန် ဆုံးဖြတ်

တရုတ်နိုင်ငံမှ ဓာတ်ဆီတင်သွင်းမှုအပေါ် ၁၀ ရာခိုင်နှုန်း သွင်းကုန်အခွန်တစ်ရပ် စည်းကြပ်ရန် ပါကစ္စတန်က ဆုံးဖြတ်လိုက်သည်။

ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် ၂၀၁၉ ခုနှစ်က ပါကစ္စတန်နှင့် တရုတ်အကြား သဘောတူညီချက်တစ်ခုကြောင့် ဖြစ်ပေါ်ခဲ့သော ဟာကွက်ကို ပိတ်ဆို့ရန် ကြိုးပမ်းခြင်း ဖြစ်သည်။ အဆိုပါ သဘောတူညီချက်ကြောင့် ဓာတ်ဆီ တင်သွင်းမှုအပေါ် အကောက်ခွန်များကို ဖျက်သိမ်းခဲ့ရာတွင် နောက်ဆက်တွဲအားဖြင့် ပါကစ္စတန်ရူပီး ၄၀ ဘီလီယံကျော် ဆုံးရှုံးမှု ဖြစ်စေခဲ့သည်။

၂၀၁၉ ခုနှစ်က ပြန်လည်ညှိနှိုင်းခဲ့သည့် တရုတ်-ပါကစ္စတန် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် (CPFTA) အရ ပါကစ္စတန်အစိုးရသည် ဓာတ်ဆီ တင်သွင်းမှုအပေါ် အခွန်အကောက် ကောက်ခံမှုကို ဖျက်သိမ်းစေခဲ့သည့် ပြဋ္ဌာန်ဥပဒေအရဖြစ်သော စည်းမျဉ်း ညွှန်ကြားချက်များကို ၂၀၁၉ ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ရေနံ ရောင်းဝယ်ဖောက်ကားမှု ကုမ္ပဏီများ၏ အခွန်ရှောင်မှုကြောင့် လအနည်းငယ်အတွင်းမှာပင် ရူပီး ၄၀ ဘီလီယံကျော် ဆုံးရှုံးမှုဖြစ်စေခဲ့သည်။

ယခုအခါ တရုတ်မှ ဓာတ်ဆီ တင်သွင်းမှုအပေါ် ၁၀ ရာခိုင်နှုန်း သွင်းကုန် အခွန်အကောက်တစ်ရပ် ကောက်ခံရေးနှင့်ပတ်သက်ပြီး အစိုးရအဖွဲ့၏ အတည်ပြုချက်ယူရန် အကျဉ်းချုပ်စာရွက်စာတမ်းတစ်ရပ်ကို ဖက်ဒရယ် အခွန်ဘုတ်အဖွဲ့ (FBR) က ပြင်ဆင်ထားသည်။

တရုတ်-ပါကစ္စတန် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်ကို တလွဲအသုံးပြုမှုနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် လအနည်းငယ်က ကရာချိမြို့ အကောက်ခွန်စည်းမျဉ်းထိန်းသိမ်းရေးဌာနက ထုတ်ဖော်ဖွင့်ဟခဲ့သည်။ ပုံမှန်အားဖြင့် ဓာတ်ဆီ တင်သွင်းမှုက ၁၀ ရာခိုင်နှုန်း အကောက်ခွန် ပေးဆောင်ရမည် ဖြစ်သော်လည်း ဓာတ်ဆီကို CPFTA အောက်၌ တရုတ်ကနေ တင်သွင်းပါက အခွန်ကောက်ခံမှု မရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly