ရေတပ်သင်္ဘောကျူးကျော်မှုအတွက် ဖိလစ်ပိုင်အစိုးရက တရုတ်သံအမတ်ကို ဆင့်ခေါ်ကန့်ကွက်

ရေတပ်သင်္ဘောကျူးကျော်မှုအတွက် ဖိလစ်ပိုင်အစိုးရက တရုတ်သံအမတ်ကို ဆင့်ခေါ်ကန့်ကွက်

ဖိလစ်ပိုင်အစိုးရသည် နိုင်ငံ၏ရေပိုင်နက်ထဲသို့ တရုတ်ရေတပ်သင်္ဘောတစ်စီး တရားမဝင် ကျူးကျော်ဝင်ရောက်ခဲ့သည်ကို ကန့်ကွက်သည့်အနေဖြင့် တရုတ်သံအမတ်အား မတ်လ ၁၄ ရက်က ဆင့်ခေါ်ခဲ့ပြီး တရုတ်အနေဖြင့် ၎င်း၏သင်္ဘောများအား နိုင်ငံ၏ပိုင်နက်နယ်မြေကို လေးစားရန်နှင့် နိုင်ငံတကာဥပဒေကို လိုက်နာရန် ညွှန်ကြားပေးရေး တောင်းဆိုခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

တရုတ်စစ်တပ်မှ ကင်းထောက်သင်္ဘောတစ်စင်းသည် ဆူလူပင်လယ်ထဲသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံ အချုပ်အခြာအာဏာကို ချိုးဖောက်ကာ အနောက်ပိုင်း ပါလာဝမ်နှင့် အနီးနားရှိ မင်ဒိုရိုပြည်နယ် ကမ်းလွန်များတွင် ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ ခွင့်ပြုချက်မရှိဘဲ ဖြတ်သန်းခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာထီရီဆာလာဇရိုက တရုတ်သံတမန် ဟွမ်ရှိလျန်အား ဆင့်ခေါ်ပြီး တရုတ်အနေဖြင့် ဖိလစ်ပိုင်ပိုင်နက်နယ်မြေနှင့် ရေကြောင်းနယ်မြေပိုင်ဆိုင်မှုကို လေးစားလိုက်နာရန်၊ နိုင်ငံတကာဥပဒေအောက်တွင် ၎င်း၏တာဝန်ဝတ္တရားများကို လိုက်နာရန် တောင်းဆိုခဲ့သည် ဟု အဆိုပါဌာနက ထုတ်ပြန်ခဲ့သည်။

လာဇာရိုက “ဖိလစ်ပိုင်ရေပိုင်နက်အတွင်း ဖိတ်ခေါ်ခြင်းမခံရဘဲ/ ခွင့်ပြုချက်မရှိဘဲ မဝင်ရောက်ရန် ရေယာဉ်များကို ညွှန်ကြားရေး တရုတ်အား တောင်းဆိုခဲ့သည်” ဟု ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

ဖိလစ်ပိုင်ရေတပ်သင်္ဘောတစ်စင်းက တရုတ်သင်္ဘောအား နိုင်ငံ၏ရေပိုင်နက်အတွင်းမှ ချက်ချင်းထွက်ခွာရန် အကြိမ်ကြိမ် ညွှန်ကြားခဲ့သော်လည်း ၎င်းတို့က မမှားသည့်လမ်းကြောင်းတွင် ခုတ်မောင်းနေကြောင်း တုံ့ပြန်ခဲ့သည်။

တရုတ်သင်္ဘောသည် မြန်ဆန်ထိရောက်သည့်လမ်းကြောင်းအတိုင်းမခုတ်မောင်းဘဲ ဆူလူပင်လယ်ပြင်တွင် ၃ ရက်ကြာ ရှိနေခဲ့သည်ဟု နိုင်ငံခြားရေးဌာနက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်အစိုးရ၏ ထုတ်ပြန်ချက်ကို တရုတ်သံရုံးမှတာဝန်ရှိသူများက ချက်ခြင်းတုံ့ပြန်ခြင်း မရှိပေ။

ဖိလစ်ပိုင်ရေတပ်သင်္ဘောသည် တရုတ်ရေတပ်သင်္ဘော၏ လှုပ်ရှားမှုကို စောင့်ကြည့်ရန် ၎င်းနှင့် ရေမိုင် ၁ မိုင် (၁ ဒသမ ၈ ကီလိုမီတာ) အကွာအဝေးထိ ချဉ်းကပ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly