နီပေါနိုင်ငံ ဆန်ခူဝါဆာဘာခရိုင်တွင် ကန့်သတ်နယ်မြေသို့ ခိုးဝင်ကြောင်း သံသယဖြင့် တရုတ်နိုင်ငံသားကို ဖမ်းဆီး

နီပေါနိုင်ငံ ဆန်ခူဝါဆာဘာခရိုင်တွင် ကန့်သတ်နယ်မြေသို့ ခိုးဝင်ကြောင်း သံသယဖြင့် တရုတ်နိုင်ငံသားကို ဖမ်းဆီး

နီပေါနိုင်ငံ ဆန်ခူဝါဆာဘာခရိုင်တွင် တရုတ်နိုင်ငံသားတစ်ဦးကို တားမြစ်နယ်မြေအတွင်း ခိုးဝင်သည့် သံသယဖြင့် ဘိုခိုလာမြူနီစီပယ်-၁ ကင်မာသာခါနာကာကျေးရွာတွင် ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ကျိုးကျန်းကျန်းအမည်ရှိ အသက် ၂၈ နှစ်အရွယ် အမျိုးသားကို မာကာလူ ဘာရွန်အမျိုးသားဥယျာဉ်တွင် မတ်လ ၁၁ ရက်နံနက်ပိုင်းက ဖမ်းဆီးခဲ့ကြောင်း ဆန်ခူဝါဆာဘာခရိုင်ရဲရုံးမှ ဒုရဲမှူးလယ်ဒီဝါဆူဘက်ဒီက ပြောကြားသည်။

တရုတ်အမျိုးသားသည် လူဝင်မှုကြီးကြပ်ရေးဌာန၏ ခွင့်ပြုချက်မရဘဲ ကန့်သတ်နယ်မြေအတွင်းသို့ ဝင်ရောက်လာသောကြောင့် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဒုရဲမှူးဆူဘတ်ဒီက ပြောကြားခဲ့သည်ဟု နီပေါအခြေစိုက် ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Pradeshportal က ဖော်ပြခဲ့သည်။

နိုင်ငံခြားသားများ သို့မဟုတ် ခရီးသွားများသည် လူဝင်မှုကြီးကြပ်ရေးဌာန၏ ခွင့်ပြုချက်မပါလျှင် ထိန်းသိမ်းကာကွယ်ထားသည့် နယ်မြေအတွင်းသို့ ဝင်ရောက်ခွင့်မရပေ။

ဖမ်းဆီးခံထားရသည့် တရုတ်အမျိုးသားသည် မတ်လ ၃ ရက်က နီပေါသို့ ရောက်ရှိလာခြင်းဖြစ်သည်။ ၎င်းသည် နီပေါသို့ စက်ဘီးဖြင့် ဝင်ရောက်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာန မှတ်တမ်းတွင် ဖော်ပြထားသည်။

“ကန့်သတ်နယ်မြေထဲကို ဝင်သွားတဲ့အတွက် သူ့ကို ကျွန်တော်တို့ ဖမ်းဆီးထားတာပါ။ ဆန်ခူဝါဆာဘာကို ဘာအကြောင်းကြောင့် လာတယ်ဆိုတာ ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေပါတယ်” ဟု ဒုရဲမှူး ဆူဘက်ဒီက ပြောသည်။

အဆိုပါ တရုတ်နိုင်ငံသားတွင် ဒူးဒဏ်ရာများရှိသဖြင့် ခတ္တမန္ဒူသို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်လိုက်ကြောင်းလည်း ဆူဘတ်ဒီက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly