ယူကရိန်းစစ်ပွဲအရေး ဘိုင်ဒင်နှင့် ရှီကျင့်ဖျင်တို့ ဖုန်းဆက်ဆွေးနွေးမည်

ယူကရိန်းစစ်ပွဲအရေး ဘိုင်ဒင်နှင့် ရှီကျင့်ဖျင်တို့ ဖုန်းဆက်ဆွေးနွေးမည်

မတ် ၁၈

ယူကရိန်းအပေါ် ရုရှ၏ ကျူးကျော်စစ်ဆင်နွှဲမှုအရေးကိစ္စနှင့်ပတ်သက်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ မတ်လ ၁၈ ရက်တွင် ဖုန်းဆက်ဆွေးနွေးကြမည် ဖြစ်သည်။ ယူကရိန်း၌ ရုရှ၏ စစ်ရေးလုပ်ဆောင်ချက်များကို ထောက်ကူ ပံ့ပိုးမည်ဆိုပါက ပေကျင်းအနေဖြင့် ပေးဆပ်ရပါလိမ့်မည် ဖြစ်ကြောင်း ဘိုင်ဒင်က ရှီကို သတိပေးပြောကြားသွားဖွယ်ရှိသည်။ ယင်းသည် နှစ်နိုင်ငံအကြား သဘောထားကွဲလွဲမှု နက်ရှိုင်းလာနေသည့် အချိန်တစ်ခုတွင် ထွက်ပေါ်လာမည့် သတိပေးချက်တစ်ခုလည်း ဖြစ်သည်။

ဘိုင်ဒင်နှင့် ရှီတို့သည် တယ်လီဖုန်းဖြင့် ဆွေးနွေးပြောဆိုကြမည် ဖြစ်သည်။ ပေကျင်းအနေဖြင့် ရုရှကို ထောက်ပံ့ပါက အထီးကျန်ဖယ်ကြဉ်ခံရနိုင်သည့်အရေးနှင့် ရင်ဆိုင်ရနိုင်သည် ဆိုပြီး ဝါရှင်တန်ဘက်က တရုတ်အစိုးရအရာရှိများကို ကိုယ်တိုင်ကိုယ်ကျရော လူသိရှင်ကြားပါ သတိပေးထားခဲ့ပြီးဖြစ်သည်။

ဘိုင်ဒင်နှင့် ရှီ တို့အကြား ယခုတစ်ကြိမ် ဆွေးနွေးမှုက နိုဝင်ဘာလနောက်ပိုင်း ပထမဆုံး ဖြစ်ပြီး ဆွေးနွေးမှုက တင်းမာမှုများလည်း ပါနေမည်ဖြစ်သည်။

“တရုတ်နိုင်ငံအနေနဲ့ ယူကရိန်းအပေါ် ရန်လိုကျူးကျော်တဲ့ ရုရှကို ထောက်ပံ့ဖို့ လုပ်ဆောင်တဲ့ လုပ်ရပ်မှန်သမျှအတွက် ဖြစ်လာမယ့် တာဝန်တွေကို ခေါင်းခံသွားရလိမ့်မယ်ဆိုတာကို သမ္မတ ဘိုင်ဒင်က ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ သူတို့ကို ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်အောင် ချမှတ်ဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ပါဘူး” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ကြာသပတေးနေ့တွင် ပြောခဲ့သည်။

“ယူကရိန်းမှာ အသုံးပြုဖို့ စစ်ဘက်ပစ္စည်းတွေနဲ့ ရုရှကို တိုက်ရိုက်ကူညီဖို့ သူတို့ (တရုတ်) စဉ်းစားနေသလား ဆိုတာကို ကျွန်တော်တို့ စိုးရိမ်နေမိပါတယ်” ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့သော အစီအစဉ်မျိုး မရှိဟု တရုတ်က ငြင်းဆန်သည်။

ထို့ပြင် အနောက်နိုင်ငံများက ချမှတ်ထားသော စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ထားမှုများကနေ ရုရှတို့ ရှောင်တိမ်းနိုင်အောင် တရုတ်ဘက်က ကူညီပေးနိုင်မှုအပေါ် ဝါရှင်တန်က စိုးရိမ်ပူပန်နေသည်။

ယူကရိန်းအပေါ် ရုရှ၏ ကျူးကျော်စစ်ဆင်နွှဲမှုက ယခုအခါ စတုတ္ထမြောက် သီတင်းပတ်ထဲ ရောက်လာမှုနှင့်အတူ ယူကရိန်းတွင် အရပ်သားရာချီ သေဆုံးခဲ့ရပြီး မြို့ပြဧရိယာ အဆောက်အအုံများလည်း ထိခိုက်ပျက်စီးမှုများ ဖြစ်ခဲ့သလို လူသန်းချီ နိုင်ငံကနေ ထွက်ပြေးခဲ့ကြရကာ လူသားချင်းစာနာမှု အကျပ်အတည်းတစ်ခုကိုလည်း ထွက်ပေါ်ထားစေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required