အာဖဂန်နစ္စတန် အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင် ၁ ဦးကို သေနတ်သမားများ ပစ်သတ်

အာဖဂန်နစ္စတန် အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင် ၁ ဦးကို သေနတ်သမားများ ပစ်သတ်

အာဖဂန်နစ္စတန်နိုင်ငံ ကာပီဆာပြည်နယ် မာမက်ဒ် အီ ရာခီ မြို့တွင် ပြီးခဲ့သည့် မတ်လ ၁၃ ရက် မနက်ပိုင်းက အမည်မသိ သေနတ်သမားများက အာဖဂန်အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို ပစ်သတ်သွားခဲ့ကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး Payk Media က ဖော်ပြသည်။

ဆာမာဂူလ် အမည်ရ အဆိုပါ အမျိုးသမီးသည် မာမက်ဒ် အီ ရာခီမြို့၏ ဒေါ်ဘာဖန် ရွာတွင် အသတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောကြောင်း အဆိုပါ သတင်းများတွင် ပါရှိသည်။

အာဖဂန်တွင် ယမန်နှစ် ဩဂုတ်လက အာဏာပြန်ရခဲ့သည့် တာလီဘန်တို့သည် အမျိုးသမီးများ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များအပေါ် ပိတ်ပင်ကန့်သတ်မှုများ လုပ်ဆောင်ထားပြီး စီးပွားရေး အကျပ်အတည်းနှင့် ပိတ်ပင်ကန့်သတ်ချက်များကြောင့် အမျိုးသမီးများသည် အများအားဖြင့် အလုပ်လုပ်ခွင့်မရဘဲ ဖြစ်နေခဲ့သည်။

ယခင်အာဖဂန်အစိုးရ ပြုတ်ကျပြီးနောက်ပိုင်း အာဖဂန်နစ္စတန်ရှိ အမျိုးသမီးများသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင် နေရကြောင်း လူသားချင်းစာနာမှုနှင့် အမျိုးသမီးအခွင့်အရေးဆိုင်ရာ စောင့်ကြည့်အဖွဲ့အစည်း အများ အပြားက လေ့လာတွေ့ရှိထားပြီး အာဖဂန်အမျိုးသမီးများ၏ အခြေအနေနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်နေကြကြောင်း Tolo News က ဖော်ပြသည်။

တာလီဘန် ဦးဆောင်သော အစိုးရကို ဆန့်ကျင်ထုတ်ဖော်ပြောဆိုသူများ သို့မဟုတ် ဆန္ဒပြသူများအပေါ် ပြစ်မှု ကျူးလွန်မှုများသည်လည်း ယင်းနိုင်ငံတွင် သိသိသာသာ မြင့်တက်ထားခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly