ဝီဂါမွတ်စလင်များအပေါ်လူ့အခွင့်အရေးချိုးဖောက်မှုများကို ပါကစ္စတန်ကထောက်ခံလာအောင် တရုတ်က အကျပ်ကိုင်

ဝီဂါမွတ်စလင်များအပေါ်လူ့အခွင့်အရေးချိုးဖောက်မှုများကို ပါကစ္စတန်ကထောက်ခံလာအောင် တရုတ်က အကျပ်ကိုင်

ဆုတ်ယုတ်ကျဆင်းနေသော စီးပွားရေးကို တွန်းလှန်ရန်တရုတ်နိုင်ငံ၏ ချေးငွေများနှင့် ရင်းနှီးမြှုပ်နှံမှုများ အပေါ် ဆိုးဆိုးရွားရွား မှီခိုနေရသော ပါကစ္စတန်သည် တရုတ်၏ လူ့အခွင့်အရေးချိုးဖောက်မှု လုပ်ရပ်အားလုံးကို ထောက်ခံခဲ့သည်ဟု Geopolitica.info သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

တရုတ်၏ ဆိုးတူကောင်းဖက်မဟာမိတ် ပါကစ္စတန်သည် ဟောင်ကောင်၊ တိဗက်နှင့် ဝီဂါအရေးတွင် တရုတ်အစိုးရကိုထောက်ခံရန် ၎င်း၏ကိုယ်ပိုင်မွတ်စလင်လက္ခဏာကို စွန့်လွှတ်ထားကြောင်း ဆောင်းပါးရှင် ဒီဗလာရီယိုဖက်ဘရီက Geopolitica.info သတင်းဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

ဆောင်းရာသီအိုလံပစ်ပွဲ ကျင်းပနေစဉ်အစောပိုင်းက CNN နှင့် အင်တာဗျူးတစ်ခုတွင် ပါကစ္စတန် ဝန်ကြီးချုပ် အီမရန်ခန်းက တရုတ်နိုင်ငံရှိ ဝီဂါမွတ်စလင်အသိုင်းအဝိုင်း ဖိနှိပ်ခံနေရခြင်းကို မျက်ကွယ်ပြုခဲ့ပြီး ဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအခြေအနေသည် အနောက်တိုင်းမီဒီယာများ ဖော်ပြထားသလို မဟုတ်ကြောင်း ပြောခဲ့သည်ဟု ဖက်ဘရီက ရေးသားထားသည်။

ပေကျင်းတွင် အီမရန်ခန်းနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံပြီးနောက် ပူးတွဲကြေညာချက်တွင် ပါကစ္စတန်သည် တရုတ်တစ်နိုင်ငံတည်းမူဝါဒဆိုင်ရာ ၎င်း၏ကတိကဝတ်များနှင့် ထိုင်ဝမ်၊ တောင် တရုတ် ပင်လယ်၊ ဟောင်ကောင်၊ ရှင်ကျန်းနှင့် တိဗက်အရေးတို့တွင် တရုတ်ကို ထောက်ခံမှုကို ဖော်ပြခဲ့သည်။

လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တရုတ်ကို အရေးယူရန် ကမ္ဘာ့အဖွဲ့ပေါင်း ၂၄၃ ဖွဲ့က ဆောင်းရာသီ အိုလံပစ်ပွဲတော်အစတွင် တောင်းဆိုထားစဉ်မှာ ပါကစ္စတန်က တရုတ်နိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှု လုပ်ရပ်အားလုံးကို ထောက်ခံခဲ့သည်ဟု ဖက်ဘရီကပြောသည်။

ခါးပတ်လမ်းရပ်ဝန်းကွန်ရက်တွင် ပိတ်မိနေပြီး စီးပွားရေးအကူအညီအတွက် တရုတ်နိုင်ငံအပေါ် မှီခိုအားထားနေရသဖြင့် မွတ်စလင်များကို ဖိနှိပ်မှုများရှိနေလင့်ကစား ပါကစ္စတန်ခေါင်းဆောင်များသည် တရုတ်၏မူဝါဒများကို လူသိရှင်ကြား ထောက်ခံရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ကြောင်း Geopolitica.info က ဖော်ပြသည်။

အီမရန်ခန်းသည် ဆောင်းရာသီအိုလံပစ်ပွဲတော်အတွက် တရုတ်နိုင်ငံ ပေကျင်းမြို့သို့ လာရောက်ရာတွင် တရုတ်နိုင်ငံ၏ အဓိကကျသော BRI စီမံကိန်းတွင် ပါဝင်သည့် ပါကစ္စတန်စီးပွားရေးစင်္ကြံ (CPEC) အောင်မြင်စေရန် တရုတ်နိုင်ငံကို ကတိပြုခဲ့သည်။ အဓမ္မမြေသိမ်းမှု၊ လျော်ကြေးအပြည့်အဝမရခြင်းနှင့် အများပြည်သူဘဝတွင်စစ်တပ်က ဗိုလ်ကျခြယ်လှယ်လွန်းခြင်း ကဲ့သို့သော ကိစ္စရပ်များကြောင့် ပြည်သူများက CPEC စီမံကိန်းကို မနှစ်မြို့ကြပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required