ယူကေ-နယူးဇီလန်နိုင်ငံသားအပါအဝင် အကျဉ်းသား၁၀၂ဦးကို မြန်မာလွှတ်ပေး

ယူကေ-နယူးဇီလန်နိုင်ငံသားအပါအဝင် အကျဉ်းသား၁၀၂ဦးကို မြန်မာလွှတ်ပေး
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်းရှိ V Gastro Bar ဆိုင်ပိုင်ရှင်၊ အထွေထွေမန်နေရာ နယူးဇီလန်နိုင်ငံသားတို့ကို သာသနာညိုးနွမ်းစေမှုဖြင့် တရားစွဲဆိုထားသည့်အမှုအား ၂၀၁၅ နိုဝင်ဘာ ၂ ရက်နေ့ နေ့လည်ပိုင်းက လေးကြိမ်မြောက်စစ်ဆေးစဉ်။ (ဓာတ်ပုံ မဇ္စျိမ)

နေပြည်တော်၊ ဇန်နဝါရီ ၂၂ ။            ။ နိုင်ငံ၏ နာမည်ဆိုးဖြင့် အကျော်ကြားဆုံးထောင်တွင် တစ်နှစ်နီးပါးကျခံနေရပြီးဖြစ်သော ဗြိတိသျှ-နယူးဇီလန်နှစ်နိုင်ငံသား ခံယူထားသော ဖီးလစ်ဘလက်ဝုဒ် အပါအဝင် အကျဉ်သား ၁၀၂ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း မြန်မာသမ္မတက ကြေညာလိုက်သည်။

ဘလက်ဝုဒ်မှာ မြန်မာသမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်စာရင်းတွင် ပါဝင်ကြောင်း ဘလက်ဝုဒ်၏ အမှုကို ကိုင်တွယ်နေသော နယူးဇီလန်၏ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဋ္ဌာနက ဂါးဒီးယန်းသို့ အတည်ပြုပြောကြားခဲ့သည်။ လွတ်မြောက်ရေးစီစဉ်မှုများအတွက် သံရုံးက သက်ဆိုင်ရာအာဏာပိုင်များနှင့် ညိနှိုင်းဆောင်ရွက်လျက်ရှိပြီး စီစဉ်မှုများချမှတ်ပြီးချိန်တွင် မိသားစုသို့ အကြံပြုမည်ဖြစ်ကြောင်း ဝန်ကြီးဋ္ဌာနက ပြောကြားခဲ့သည်။

လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်သည့်အတွက် မိသားစုက ဝမ်းမြောက်လျက်ရှိကြောင်း ဘလက်ဝုဒ်၏မိခင် အိန်ဂျလာက ဇန်နဝါရီ ၂၂ တွင်ပြောကြားခဲ့သည်။ နိုဝင်ဘာလက အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် ဖေဖော်ဝါရီ ၁ တွင် ပါလီမန်၌ အများစုနေရာဖြင့် တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ်က ပြင်ဆင်လျက်ရှိစဉ် ယခုကဲ့သို့ အစုလိုက်အပြုံလိုက် လွတ်ငြိမ်းချမ်းသာခွင့်ပေါ်ပေါက်လာခြင်းဖြစ်သည်။

အသက် ၃၃နှစ်အရွယ်ရှိ ဘလက်ဝုဒ်နှင့် ၎င်းမြန်မာလုပ်ဖော်ကိုင်ဖက်နှစ်ဦးသည် ရန်ကုန်ရှိ ၎င်းတို့၏ဘားဆိုင်၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် နားကျပ်တပ်ထားသော ဗုဒ္ဓ၏ပုံတော်ကို တင်လိုက်ပြီးနောက် ဘာသာတရားကို စော်ကားမှုဖြင့် မတ်လက ထောင်ဒဏ် နှစ်နှစ်ခွဲချမှတ်ခံခဲ့ရသည်။

လုပ်ဖော်ကိုင်ဖက်နှစ်ဦးကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးမည်ဟုတ်မဟုတ် မသိရသေးပေ။ လွှတ်ပေးမည့် အကျဉ်းသား၁၀၂ဦးတွင် နိုင်ငံရေးအကျဉ်းသားများစွာပါဝင်သည်။ ၎င်း၏သားဖြစ်သူသည် အမည်ဆိုးဖြင့် ကျော်ကြားသော အင်းစိန်ထောင်တွင် ထောင်ဒဏ်ကျခံနေခဲ့ရပြီး ပြူတင်းပေါက်မပါသော အခန်းကျဉ်းလေးတွင်နေခဲ့ရသည်။ အိမ်သာအတွက် ရေဆိုးစနစ်မှာလည်း ပွင့်နေပြီး ဖမ်းဆီးခံရပြီးနောက် ပေါင် ၅၀ခန့် ဝိတ်ကျသွားခဲ့ကြောင်း ဘလက်ဝုဒ်၏ ဖခင်က လွန်ခဲ့သည့်နှစ်က ပြောကြားခဲ့သည်။

အကျဉ်သား ၁၀၂ဦးကို လွှတ်ပေးမည်ဖြစ်ကြောင်း သမ္မတရုံးမှ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ ဦးဇော်ဋ္ဌေးက ဖေ့စ်ဘွတ်တွင် တင်ထားသည့် ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။ ထို့အပြင် သေဒဏ်ကျအကျဉ်းသား ၇၇ ဦးကိုလည်း ထောင်ဒဏ်တစ်သက်တစ်ကျွန်းသို့ လျှော့ပေါ့ပေးလိုက်ကြောင်းလည်း ၎င်းကထပ်မံပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly