မီဒီယာ အင်တာဗျူးဖြေသည့် ပလက်ဝ ဒေသခံကို စစ်ကောင်စီ စွဲချက်တင်

မီဒီယာ အင်တာဗျူးဖြေသည့် ပလက်ဝ ဒေသခံကို စစ်ကောင်စီ စွဲချက်တင်

မတ်လ ၁၇ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အခြေစိုက် (၂၈၉) တပ်ရင်း အလံဖြူထောင်သည့် ကိစ္စ ရခိုင် အခြေစိုက် သတင်းဌာနအား အင်တာဗျူး ဖြေသည့်အတွက် နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် စစ်ကောင်စီက တရားစွဲဆို ထားသည့် ပလက်ဝ ဒေသခံ ကိုတင်ထွန်းအောင် ကို ယနေ့ မတ်လ ၁၇ ရက်နေ့တွင် မြို့နယ် တရားရုံးက  စွဲချက် တင်လိုက်ကြောင်း  မိသားစုဝင်များထံမှ သိရသည်။

 “ဒီနေ့ကတော့ စွဲချက်တင်တာပေါ့၊ သူတို့ စွဲဆိုထားတဲ့ နိုင်တော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(က) နဲ့ စွဲချက်တင်လိုက်တာ ဖြစ်ပါတယ်” ဟု မိသားစုဝင်က ပြောသည်။

ရခိုင်အခြေစိုက် Western News သတင်းဌာနအား အင်တာဗျူး ဖြေကြားမှုကြောင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ အတွင်း (၂၈၉) တပ်ရင်းမှ ဗိုလ်ကြီးထွန်းထွန်းနိုင် တရားလိုပြုလုပ် တရားစွဲဆို ထားခြင်း ဖြစ်သည်။

ယနေ့ ရုံးချိန်တွင် ကိုတင်ထွန်းအောင်က အမှုစွဲဆိုချက်နှင့် ပတ်သက်ပြီး အပြစ်မရှိကြောင်း ငြင်းဆို သဖြင့် မတ်လ ၂၃ ရက်နေ့တွင် တရားလို ဗိုလ်ကြီးထွန်းထွန်းနိုင် ကို တရားရုံးက ပြန်ခေါ်ထားကြောင့် သိရသည်။

“ကိုတင်ထွန်းအောင် ကို တရားခွင်မှာ မေးတော့ သူ့မှာ အပြစ်မရှိဘူးလို့ ငြင်းတာပေါ့၊ ဆိုတော့ မင်းဘယ်သူ့ကို ပြန်ပြီး စစ်ဆေးချင်တာ ရှိလဲ မေးတော့ သူက တရားလို ဗိုလ်ကြီးထွန်းထွန်းနိုင် ကို ပြန်စစ်ချင်တယ် ပြောတယ်၊ ဆိုတော့ ၂၃ ရက်နေ့ ပြန်ချိန်းဆို လိုက်တာပေ့ါ” ဟု မိသားစုဝင်က ဆက်ပြောသည်။

ယင်းသတင်း ဖော်ပြခဲ့မှုကြောင့် Western News သတင်းဌာန အယ်ဒီတာချုပ်နှင့် သတင်းထောက် တစ်ဦးကို နိုင်ငံတော် အကြည်ညို ပျက်စေမှုဖြင့် စစ်တပ်က တရားလို ပြုလုပ်ကာ စစ်တွေခရိုင် တရားရုံးတွင် ဦးတိုက် လျှောက်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required