ဖနွမ်ပင်၊ ဇန်နဝါရီ-၂၂ ။ ။ ပြင်သစ်ကိုလိုနီဘဝက ကမ္ဘောဒီးယားက ယူဆောင်သွားခြင်းခံခဲ့ရပြီး နှစ်ပေါင်း ၁၃၀နီးပါး အကြာမှာ ၇ရာစုနှစ် ဟိန္ဒူနတ်ဘုရားရုပ်တုရဲ့ ဦးခေါင်းဟာ ၎င်းရဲ့ ခန္ဓာကိုယ်နဲ့ ပြန်လည်ပေါင်းစည်းခွင့် ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံရဲ့ အာရှအနုပညာပြတိုက်တစ်ခုဖြစ်တဲ့ ပါရီက Guimet Museum မှာ ထားရှိပြသထားတဲ့ နတ်ဘုရား ဟာရီဟာရာရဲ့ ၄၇ကီလိုဂရမ်အလေးချိန်ရှိတဲ့ ဦးခေါင်းကို ပြင်သစ်နိုင်ငံက ပြန်လည် ပေးအပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီနတ်ဘုရားရုပ်တုဟာ ဟိန္ဒူနတ်ဘုရားတွေထဲမှာ အဓိကကျတဲ့ နတ်ဘုရားနှစ်ပါးဖြစ်တဲ့ ဗိဿနိုးရဲ့ ရှီဝကို ပေါင်းစပ်ထားတာပဲ ဖြစ်ပါတယ်။
ပြင်သစ်ပြတိုက်ရဲ့ သတင်းထုတ်ပြန်ချက်အရ ဒီနတ်ဘုရားရုပ်တုရဲ့ ဦးခေါင်းကို ကိုလိုနီအုပ်ချုပ်ရေးမှူး အတ်တီယန်နေး အေမွန်နီရာက ၁၈၈၉ခုနှစ်မှာ ပါရီမှာ ပြသထားဖို့အတွက် ကမ္ဘောဒီးယားတောင်ပိုင်း တာကီရိုပြည်နယ်အတွင်းရှိ ဖနွမ်ဒါ ဘုရားကျောင်းမှ ယူဆောင်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ပြင်သစ်ပြည်မှာ ရှိနေစဉ်တလျှောက်လုံးမှာတော့ ဦးခေါင်းနဲ့ လိုက်ဖက်တဲ့ ခန္ဓာကိုယ်ဟာ ပနွမ်ပင်မှာ ရှိနေခဲ့တယ်ဆိုတာကို မသိရှိခဲ့ကြပါဘူး။
ဒါပေမယ့်လည်း ပြန်လည် တွဲဆက်ကြည့်တဲ့အခါမှာတော့ အံဝင်ဂွင်ကျ ကွက်တိဖြစ်နေတာကို တွေ့ရှိရတယ်လို့ ကမ္ဘောဒီးယား အမျိုးသားပြတိုက် လက်ထောက်ညွှန်ကြားရေးမှူး ချယ်ဆိုချိက ကမ္ဘောဒီးယားနေ့စဉ် သတင်းစာကို ပြောကြားခဲ့ပါတယ်။
ရုပ်တုဦးခေါင်းကို ပြန်လည်ရရှိဖို့ ၁၀နှစ်ကြာအောင် ညှိနှိုင်းခဲ့ရတယ်လို့ ဆိုပါတယ်။
ဦးခေါင်းနဲ့ ကိုယ်လုံးကို ကမ္ဘောဒီးယား အမျိုးသားပြတိုက်မှာ ကြာသပတေးနေ့က အခမ်းအနားနဲ့ ပြန်ည်ပေါင်းစည်းပေးခဲ့ကြပါတယ်။
‘နှစ်ပေါင်း၁၃၀ ကွဲကွာနေခဲ့အပြီးမှာ ဟာရီဟာရာရဲ့ ဦးခေါင်းနဲ့ ကိုယ်လုံးဟာ ပြန်လည်ပေါင်းစည်းမိသွားခဲ့ပါပြီ’ဟု လက်ထောက်ဝန်ကြီးချုပ် ဆုတ် အန်က အခမ်းအနားတွင် ပြောကြားခဲ့သည်။ ခမာယဉ်ကျေးမှုအရ ပြန်လည်ပေါင်းစည်းခြင်းမှာ ကြွယ်ဝမှု၏ သင်္ကေတဖြစ်သည်ဟု ဆိုသည်။