ဒေါ်အောင်ဆန်းစုကြည့်မှ အပမည်သူမျှသတင်းထုတ်ပြန်ခွင့်မရှိ

ဒေါ်အောင်ဆန်းစုကြည့်မှ အပမည်သူမျှသတင်းထုတ်ပြန်ခွင့်မရှိ

ရန်ကုန် ၊ ဇန်နဝါရီ ၂၂ ။         ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မူဝါဒများ၊ အသွင်ကူးပြောင်းရေး ကိစ္စရပ်များကို ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှအပ အခြားသူများ ထုတ်ပြန်ပြောကြားခွင့် မရှိတော့ကြောင်း အမျိုးသားဒီမိုကရေစီအချုပ်မှ ထုတ်ပြန် ကြေညာ လိုက်သည်။

အဆိုပါ ကြေညာချက်အား ကြေညာချက်အမှတ်( ၂/၁ -၂၀၁၆) အနေဖြင့် ဇန်နဝါရီ ၂၂ ရက်နေ့က အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ကြေညာချက်ထုတ်ပြန်မှုနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က"အဲဒီကြေညာချက်ကိုတော့ ကျွန်တော်မဖတ်ရသေးဘူး။ ဘာတွေပါသလဲတောင် မသိသေးဘူး။ ဒါပေမယ့် နေပြည်တော်မှာ ရောက်နေတဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်(၉)ယောက်ရှိတယ်။ အဲဒီ(၉)ယောက်ကဆုံးဖြတ်ပြီး ထုတ်တာဆိုရင်တော့ (၁၅)ယောက်လုံးအစည်းဝေးထိုင်စရာမလိုဘူးလေ။ သူတို့ ဆုံးဖြတ်ပြီးထုတ်တာလည်း ဖြစ်နိုင်တယ်"ဟု ပြောသည်။

လက်ရှိအချိန်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် သိမ်သိမ်မွေ့မွေ့ လုပ်ဆောင်နေရသည့်အတွက် အဖွဲ့ချုပ် မူဝါဒများနှင့် အသွင်းကူးပြောင်းရေးဆိုင်ရာ ကိစ္စရပ်များကို   ဒေါ်အောင်ဆန်းစုကြည်မှ အပ မည်သူမှ ဖြေဆိုခွင့် မရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်ကိစ္စနှင့် ပတ်သက်၍ နေပြည်တော်တွင် လွှတ်တော်အစည်း ဝေးတက်ရောက်ရန် ရောက်ရှိနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်  အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဦးဝင်းထိန်အား ဆက်သွယ်မေးမြန်းရာ "ကျွန်တော်တို့က အခုမှ လွှတ်တော်ပြီးလို့ရန်ကုန်ပြန် နေပြီ။ အဲဒီ တွေသိချင်ရင် ဦးဉာဏ်ဝင်းကိုမေး။ တိုက်ရိုက် ရုံး က ထုတ်တာဆိုရင် ဦးဉာဏ်ဝင်းထုတ်တာဖြစ်လိမ့်မယ်"ဟု ပြန်လည်ဖြေကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းထံ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်း လက် ခံပြောဆိုခြင်းမရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly