ယောဂကို အားကစားအဖြစ် ဆော်ဒီကျောင်းများတွင် သင်ကြားပို့ချမည်

ယောဂကို အားကစားအဖြစ် ဆော်ဒီကျောင်းများတွင် သင်ကြားပို့ချမည်

ဆော်ဒီအာရေဗျနို်ငငံရှိ ကျောင်းများတွင် ယောဂကျင့်စဉ်ကို အားကစားတစ်ခုအဖြစ် သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း ဆော်ဒီယောဂကော်မတီ (SYC) ဥက္ကဋ္ဌ နူအယ်မာဝါအီက ပြောကြားသည်။

ယောဂသည် အကျိုးများစွာ ဖြစ်စေသောကြောင့် သင်ရိုးညွှန်းတမ်းတစ်ရပ်အဖြစ် နိုင်ငံတွင်းရှိ ကျောင်းများအားလုံးတွင် သင်ကြားပေးနိုင်ရန် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ပြောကြားသည်။

မတ်လ ၉ ရက်က SYC နှင့် ဆော်ဒီ ကျောင်းအားကစားအဖွဲ့ချုပ်တို့အကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် အနာဂတ်ကာလ၌ နိုင်ငံအတွင်းရှိ ကျောင်းများတွင် ယောဂပညာရပ်ကို ကျယ်ပြန့်စွာ သင်ကြားရေးတို့အတွက် မိတ်ဆက်ဟောပြောပွဲတစ်ခုကို ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲသို့ ပညာရေးအဆင့်ပေါင်းစုံမှ ကျောင်းအုပ်များနှင့် ကာယပညာဆရာ/ဆရာမများ တက်ရောက်ခဲ့ကြသည်။

ဆော်ဒီအာရေဗျတွင် ယောဂသင်ကြားရေးနှင့် လေ့ကျင့်ရေးကို ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ခွင့်ပြုထားပြီး ဖြစ်သည်။

လန်ဒန်မြို့အခြေစိုက် အာရပ်ဘာသာဖြင့် နိုင်ငံတကာသတင်းစာ Asharq Al-Awsat နှင့် ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် အယ်မာဝါအီက ယောဂသည် စိတ်ပိုင်းနှင့် ရုပ်ပိုင်းကျန်းမာရေးအတွက် အလွန်ကောင်းမွန် သောကြောင့် ဆော်ဒီအာရေဗျတွင် ယောဂကို ကျယ်ကျယ်ပြန့်ပြန့် လိုက်စားလာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly