‘စစ်ရာဇဝတ်သား’ အဖြစ် ပူတင်ကို ဂျိုး ဘိုင်ဒင်က ပြင်းပြင်းထန်ထန် ဝေဖန် 

‘စစ်ရာဇဝတ်သား’ အဖြစ် ပူတင်ကို ဂျိုး ဘိုင်ဒင်က ပြင်းပြင်းထန်ထန် ဝေဖန် 

မတ် ၁၇

ယူကရိန်းတွင် ရုရှခေါင်းဆောင်၏ အပြင်းအထန် တိုက်ခိုက်ခြင်းကြောင့် အရပ်သားများ ပိုမို သေဆုံးရခြင်းနှင့် လူ “ရာပေါင်းများစွာ” ခိုလှုံနေရာ ပြဇာတ်ရုံတစ်ခု ဗုံးထိမှန် ပျက်စီးခြင်းတို့ကြောင့် အမေရိကန်သမ္မတ ဂျိုး ဘိုဒင်က ပူတင်အား “စစ်ရာဇဝတ်သား”အဖြစ် ဗုဒ္ဓဟူးနေ့တွင် တံဆိပ်ကပ်လိုက်သည်။ 

ယူကရိန်းခေါင်းဆောင် ဗိုလိုဒီမာ ဇယ်လန်စကီးက အမေရိကန်လွှတ်တော်နှင့် သမ္မတတို့ကို အကူအညီအတွက် စိတ်ပူပန်မှုအပြည့်ဖြင့် မေတ္တာရပ်ခံထားပြီးနောက် ဂျိုး ဘိုင်ဒင်၏ အပြင်းထန်ဆုံး ယခု ပြောဆိုချက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ ရုရှ၏ ကျူးကျော်သော စစ်တပ်များကို တိုက်ခိုက်ရန်အတွက် လက်နက်သစ်များ ဒေါ်လာ ၁ ဘီလီယံဖိုး ထောက်ပံ့မည့် ကတိကဝတ်ဖြင့် အမေရိကန်သမ္မတက တုံ့ပြန်ထားသည်။ 

မာရီယူပိုမြို့က ဒရာမာပြဇာတ်ရုံ အပျက်အစီးပုံဆီက မီးခိုးလုံးများ လွှင့်တက်နေပြီး တာဝန်ရှိသူများက သေဆုံးသူအရေအတွက် ကောက်ယူနိုင်ရေး ကြိုးစားလျက် ရှိနေသည်။ 

ယခု တိုက်ခိုက်ခံရမှုသည် ဖေဖော်ဝါရီ ၂၄ ရက်၌ ပူတင်၏ ကျူးကျော်မှု စတင်ချိန်မှနောက်ပိုင်း အိမ်ခြေများ၊ ဆေးရုံများ၊ အရေးပေါ်ကားများနှင့် အစားအစာယာဉ်တန်းများ တိုက်ခိုက်ခံရခြင်းများအပါအဝင် ယူကရိန်းနိုင်ငံတစ်လွှား အရပ်သားများအပေါ် ထိမှန်သည့် နောက်ဆုံး တိုက်ခိုက်မှုလည်း ဖြစ်သည်။ 

“ကျွန်တော်တော့ သူဟာ စစ်ရာဇဝတ်သားပဲလို့ ထင်တယ်”ဟု ရုရှသမ္မတအကြောင်း ဂျိုး ဘိုင်ဒင်က သတင်းထောက်များအား ပြောပြီး ယင်းသို့သော အသုံးအနှုန်းကို ပထမဆုံး သုံးစွဲလာခြင်းပဲ ဖြစ်သည်။ 

သမ္မတ၏ ပြောစကားသည် ရင်ထဲမှ လာခြင်းဖြစ်သည်ဟု ဂျိုး ဘိုင်ဒင်၏ ပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ဆိုသော်လည်း ရုရှဘက်က လျင်လျင်မြန်မြန်ပင် တုံ့ပြန်သည်။ ယင်း မှတ်ချက်စကားသည် “ကမ္ဘာအနှံ့ လူထောင်ပေါင်းများစွာ သေဆုံးရသော ဗုံးကြဲတိုက်ခိုက်မှုများ ကျူးလွန်သည့် နိုင်ငံ၏ အကြီးအကဲဖြစ်ခြင်းကြောင့် လက်သင့်ခံစရာ မရှိသကဲ့သို့ ခွင့်လွှတ်စရာလည်း မရှိကြောင်း” ရုရှက တုံ့ပြန်ခြင်း ဖြစ်သည်။ 

ယူကရိန်းမြို့တော် ကိယက်ဗ်၏ ခြောက်ကပ်သွားသော လမ်းများတွင် ဗုံးကြဲသံများ ပဲ့တင်ထပ်နေပြီး သဲအိတ်ကာ စစ်ဆေးရေးဂိတ်များကို ဖြတ်လျက် သွားလာကြသည့် ယာဉ်များကို ရံဖန်ရံခါမှသာ မြင်တွေ့ရသည်။ 

ကိယက်ဗ်တွင် လူဦးရေ ၃ ဒသမ ၅ သန်း၏ ထက်ဝက်နီးပါး ပြောင်းရွှေ့ထွက်ခွာသွားကြပြီ ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly