မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ် မအောင်မြင်ဟု တောင်ကိုရီးယား ပြော 

မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ် မအောင်မြင်ဟု တောင်ကိုရီးယား ပြော 

မတ် ၁၆

မြောက်ကိုရီးယားသည် ဗုဒ္ဓဟူးနေ့က ဒုံးကျည်ပစ်လွှတ်ခဲ့သော်လည်း ပစ်လွှတ်မှုသည် ချက်ချင်းပင် ပျက်ကျခဲ့ပုံရကြောင်း တောင်ကိုရီးယားက ပြောပြီး ယခု စမ်းသပ်မှုသည် ပြုံယမ်းက ပြောဆိုနေသည့် “ဧရာမ ဒုံးကျည်” ဖြစ်ဖွယ်ရှိသည်ဟု အကဲဖြတ်များက ဆိုသည်။ 

နျူကလီးယား လက်နက်ပိုင် မြောက်ကိုရီးယားအနေဖြင့် ၂၀၁၇ ခုနှစ်မှနောက်ပိုင်း တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် ICBM ပစ်လွှတ်နိုင်ရေးအတွက် ပြင်ဆင်နေသည်ဟု အမေရိကန်က ပြောပြီးနောက် ယခုနှစ်အတွင်း ယင်းနိုင်ငံ၏ ဆယ်ကြိမ်မြောက် သံသယဖြစ်စရာ လက်နက်စမ်းသပ်မှုအဖြစ် ပစ်လွှတ်လာခြင်းလည်း ဖြစ်သည်။ 

မြောက်ကိုရီးယားသည် လက်နက်စီမံကိန်းများကြောင့် နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့ထားလင့်ကစား ဇန်ဝါရီလအတွင်းက ဒုံးကျည်စမ်းသပ်မှု ခုနစ်ကြိမ် ပြုလုပ်ခဲ့ကာ “ထောက်လှမ်းရေးဂြိုဟ်တုများ” ဟုဆိုထားသည့် ပစ်လွှတ်မှုနှစ်ကြိမ်လည်း လုပ်ဆောင်ထားသည်။ 

အဆိုပါ “ဂြိုဟ်တု ပစ်လွှတ်ခြင်း” ဟု ဆိုထားသည့် ပစ်လွှတ်မှုများသည် ယခင်က ပစ်လွှတ်ဖူးခြင်း မရှိသည့် ICBM စနစ်သစ်များ အမှန်တကယ် စမ်းသပ်မှုဖြစ်နိုင်သည်ဟု တောင်ကိုရီးယားနှင့် အမေရိကန်တို့က ပြောကြသည်။ ၂၀၂၀ အောက်တိုဘာလ စစ်ရေးပြပွဲ၌ ပထမဆုံး ထုတ်ပြခဲ့ပြီး သုတေသီများက “ဧရာမ ဒုံးကျည်” အဖြစ် နာမည်ပေးထားသော Hwasong-17 တိုက်ချင်းပစ်ဒုံးကျည် ဖြစ်နိုင်သည်။ 

“ဒီကနေ့ နံနက် ၉ နာရီခွဲလောက်မှာ ဆူနန်ဧရိယာကနေ မြောက်ကိုရီးယားဟာ အမည်မသိ ဒုံးလက်နက်ကို ပစ်လွှတ်ခဲ့တယ်။ ဒါပေမဲ့ ပစ်လွှတ်ပြီး ချက်ချင်းပဲ မအောင်မမြင် ဖြစ်ခဲ့ပုံ ရတယ်”ဟု တောင်ကိုရီးယား စစ်ဦးစီးချုပ်ရုံးက ထုတ်ပြန်ချက်တွင် ဆိုသည်။ 

ဖေဖော်ဝါရီ ၂၇ ရက်နှင့် မတ် ၅ ရက်က “ဂြိုဟ်တု” စမ်းသပ်ပစ်လွှတ်သည်ဆိုခြင်းကိုလည်း ဆူနန်ဧရိယာမှပင် ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်ဟု တောင်ကိုရီးယား စစ်တပ်က ပြောသည်။ 

ဗုဒ္ဓဟူးနေ့က ပစ်လွှတ်မှုသည် ပဲ့ထိန်းဒုံးကျည်ဖြစ်နိုင်သည်ဟု အမည်မဖော်သည့် ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူကို ကိုးကားပြီး ဂျပန်မီဒီယာက ဖော်ပြသည်။ 

အခြေအနေအား ဆွေး‌နွေးရန်အတွက် ဝန်ကြီးချုပ်ရုံးတွင် အကြီးတန်းတာဝန်ရှိသူများ စည်းဝေးခဲ့ကြောင်း ဂျပန်အမျိုးသား ရုပ်သံ NHK က သတင်းဖော်ပြသည်။ 

နျူကလီးယား လက်နက်နိုင်ငံ မြောက်ကိုရီးယားသည် ဒုံးကျည်ထိပ်ဖူး အမျိုးမျိုး တင်ဆောင်နိုင်သော ICBM ဒုံးကျည်အား ကာလရှည် လိုချင်နေခဲ့ခြင်း ဖြစ်သည်။ မကြာသေးခင်က စမ်းသပ်မှုများသည် မြောက်ကိုရီးယား၏ လက်နက်စီမံကိန်းအတွက် “အလေးအနက် ထားရမည့်” အရှိန်မြှင့်တင်ခြင်းပဲ ဖြစ်သည်ဟု အမေရိကန်က ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required