အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်အကြား ထရပ်ကားများ လွတ်လပ်စွာ သွားလာမှုဆိုင်ရာ သဘောတူညီချက်သစ် ရရှိ

အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်အကြား ထရပ်ကားများ လွတ်လပ်စွာ သွားလာမှုဆိုင်ရာ သဘောတူညီချက်သစ် ရရှိ

အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်အကြား ထရပ်ကားများ လွတ်လပ်စွာ ဝင်ထွက်သွားလာမှုနှင့်ပတ်သက်ပြီး တာလီဘန်တို့နှင့်အကြား သဘောတူညီချက်သစ်တစ်ခု ရရှိခဲ့ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် အီမရန် ခန်း၏ အကြံပေးတစ်ဦးက ပြောသည်။

ယခု သဘောတူညီချက်အရ နှစ်နိုင်ငံစလုံးမှ ထရပ်ကားများသည် မတ်လ ၂၁ ရက်မှစပြီး ယာယီလိုင်စင်တစ်ခု ရယူပြီး လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်မည် ဖြစ်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပေးဖြစ်သည့် အဗ္ဗဒူလ် ရာဇက် ဒါဝုဒ်က တွစ်တာတွင် ရေးခဲ့သည်။

“ကျွန်တော်တို့ သဘောတူညီချက်ရရှိသွားပါပြီ။ ဒါက ဒေသတွင်း ဆက်သွယ်ချိတ်ဆက်မှုအပိုင်းမှာ သမိုင်းဝင် တိုးတက်မှု ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်ကစပြီး နှစ်နိုင်ငံအကြား ထရပ်ကားတွေ လွတ်လပ်စွာ သွားလာဖို့ နှစ်နိုင်ငံစလုံးက ခွင့်ပြုလိုက်ပြီ ဆိုတာကို ကျွန်တော် ဝေမျှချင်ပါတယ်” ဟု ဒါဝုဒ်က မတ်လ ၈ ရက်တွင် ပြောသည်။

အာဖဂန်နစ္စတန် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ကဘူးလ်ရှိ ပါကစ္စတန်သံရုံးနှင့် ကန်ဒါဟာရှိ ကောင်စစ်ဝန်ရုံးတို့တွင် ယာယီဝင်ခွင့်စာရွက်စာတမ်း (TAD) ကို ရယူနိုင်မည် ဖြစ်သလို ပါကစ္စတန်မှ သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူများသည်လည်း ပက်ရှာဝါနှင့် ကွက်တာတို့တွင် ရှိသည့် ကောင်စစ်ဝန် ရုံးများတွင် TAD ကို တောင်းခံရရှိနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဒါက သမိုင်းဝင် တိုးတက်မှုတစ်ခု ဖြစ်ပါတယ်။ အာဖဂန်နစ္စတန်၊ ဗဟိုအာရှနဲ့ အဲဒါထက် ကျော်လွန်ပြီး ကျွန်တော်တို့ရဲ့ ဆက်သွယ်ချိတ်ဆက်မှုနဲ့ ကုန်သွယ်ရေး ဆက်ဆံမှုတွေကို တိုးချဲ့ဖို့ အများကြီး ခရီးပေါက်ပါလိမ့်မယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly