ရုရှားက ယူကရိန်းအား ကျူးကျော်မှုအပေါ် တရုတ်သမ္မတ ဇဝေဇဝါဖြစ်နေ

ရုရှားက ယူကရိန်းအား ကျူးကျော်မှုအပေါ် တရုတ်သမ္မတ ဇဝေဇဝါဖြစ်နေ

ရုရှား၏ ယူကရိန်းအပေါ် ပိုမိုရက်စက်ကြမ်းကြုတ်သော နည်းပရိယာယ်ကြောင့် တရုတ်-ရုရှား ဆက်ဆံရေး ထိခိုက်နိုင်ချေကို CIA ညွှန်ကြားရေးမှူး ဝီလျံ ဘန်းစ်က အရိပ်အမြွက်ပြောကြားခဲ့ပြီး တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်အနေဖြင့် ဝေခွဲမရ ဖြစ်နေကြောင်း အထက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီကြားနာမှုအတွင်း ပြောကြားခဲ့သည်။

"ပထမဆုံးအနေနဲ့ တရုတ်ခေါင်းဆောင်တွေက ရုရှားနဲ့ ပူးပေါင်းပြီး အများအပြား ရင်းနှီးမြှုပ်နှံထားလို့ မကြာသေးခင်ကာလမှာ အချိန်မရွေး ပြောင်းလဲနိုင်မယ်လို့ ကျွန်တော် မမျှော်လင့်ပါဘူး" ဟု အထက် လွှတ်တော် ထောက်လှမ်းရေးကော်မတီ၏ နှစ်စဉ်ပြုလုပ်လေ့ရှိသည့် ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် ခြိမ်းခြောက်မှု များဆိုင်ရာ ဆွေးနွေးပွဲအတွင်း ဘန်းစ်က ပြောကြားခဲ့သည်။

"ဒါပေမယ့် တရုတ်ခေါင်းဆောင်ပိုင်း အထူးသဖြင့် သမ္မတရှီက သူမြင်တွေ့နေရတာတွေအတွက် ဝေခွဲမရဖြစ် နေပြီး တစ်စိတ်တစ်ပိုင်းကတော့ သူ့ကိုယ်ပိုင်ထောက်လှမ်းရေးက ဘာတွေဖြစ်တော့မယ်ဆိုတာကို မပြောပြခဲ့တဲ့ပုံပါပဲ”

ရှီနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် ဖေဖော်ဝါရီလတွင် ဆောင်းရာသီအိုလံပစ်ပွဲတော်မတိုင်မီ နှစ်နိုင်ငံ ခေါင်းဆောင်များ၏ တွေ့ဆုံမှုအပြီးတွင် အမျိုးမျိုးသော ပြဿနာများကို ချဉ်းကပ်ပုံနှင့် ပတ်သက်ပြီး စာလုံးရေ ၅၀ဝဝ ပါ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

ဆောင်းရာသီ အိုလံပစ်ပွဲတော်ပြီးဆုံးချိန်အထိ ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှုကို မပြုရန် တရုတ် တာဝန်ရှိ သူများက ရုရှားအစိုးရအား တောင်းဆိုခဲ့ကြောင်း New York Times က ပြီးခဲ့သည့်သီတင်းပတ်တွင် ဖော်ပြခဲ့သည်။

သို့သော် အရပ်သားများကို ပစ်မှတ်ထားခြင်းနှင့် သန်းနှင့် ချီသည့် ယူကရိန်းနိုင်ငံသားများ အိုးပစ်အိမ်ပစ် ထွက်ပြေးရခြင်းအပါအဝင် ယူကရိန်းကို ရုရှားကျူးကျော်လိုက်ခြင်းကြောင့် တရုတ်အစိုးရ၏ တွက်ချက်မှုကို ပြောင်းလဲသွားစေနိုင်သည်။

ရုရှားနှင့် ဆက်ဆံရေးကြောင့် တရုတ်၏ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်စေသလို စီးပွားရေးအကျိုးဆက်များ ရှိလာမည်ကို စိုးရိမ်လျက်ရှိသည်။ ကျူးကျော်ဝင်ရောက်မှုများကြောင့် အမေရိကန်နှင့် ဥရောပမဟာမိတ်များကို ပိုမိုနီးကပ်သွားစေမည်ဟုလည်း ရှီက စိုးရိမ်နေကြောင်းကို ကော်မတီ၏ ကြားနာမှုအစည်းအဝေးအတွင်း ဘန်းစ်က ထောက်ပြခဲ့သည်။

ယူကရိန်းတွင် ရုရှား၏ စစ်ရေးကျူးကျော်မှုကြောင့် ဖြစ်ပေါ်လာသော ပြင်းထန်သော စီးပွားရေးဆိုင်ရာ အရေးယူမှုအကျိုးဆက်များကို ကိုင်တွယ်ဖြေရှင်းရာတွင် တရုတ်ခေါင်းဆောင်များ တတ်စွမ်းနိုင်မှု သို့မဟုတ် ကူညီပေးနိုင်မှုကို ရုရှားသမ္မတသည် လွန်ကဲစွာ ခန့်မှန်းထားကြောင်းလည်း CIA ညွှန်ကြားရေးမှူးက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly