တရုတ်က ထိုင်ဝမ်ကို ကျော်လွန်ပြီး ရည်မှန်းထားကြောင်း သြစတြေးလျ ကာကွယ်ရေးဝန်ကြီး ပြောကြား

တရုတ်က ထိုင်ဝမ်ကို ကျော်လွန်ပြီး ရည်မှန်းထားကြောင်း သြစတြေးလျ ကာကွယ်ရေးဝန်ကြီး ပြောကြား

အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်သည် ထိုင်ဝမ်ကိုသာ ရည်မှန်းထားသည်ဟု ယူဆသူများသည် သမိုင်းကို နားမလည်သူများဖြစ်ကြောင်း သြစတြေးလျ ကာကွယ်ရေးဝန်ကြီး ပီတာဒတ်တွန်က ပြောကြားလိုက်သည်။

"လက်ရှိ ဥရောပမှာ ဖြစ်ပျက်နေတာတွေကို ကြည့်ရင် သမ္မတ ပူတင်ရဲ့ တစ်ခုတည်းသော ရည်မှန်းချက်က ယူကရိန်းအတွက်ပဲလို့ ယုံကြည်တဲ့ လူတွေက ကျွန်တော်တို့ စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေ နားလည်တဲ့ သမိုင်းကြောင်း ကို နားမလည်ကြပါဘူး" ဟု ဒတ်တွန်က သြစတြေးလျ၏ ကာကွယ်ရေးတပ်ဖွဲ့များအတွက် အသုံးစရိတ် တိုးမြှင့်ကြောင်း ကြေညာစဉ် သတင်းထောက်များအား ပြောကြားခဲ့သည်။

“အင်ဒို-ပစိဖိတ်ဒေသတွင်းက ရည်မှန်းချက်တွေကို ထိုင်ဝမ်အတွက်ပဲ ကန့်သတ်ထားပြီး ကျွန်တော်တို့က အဟန့်အတားဖြစ်စေတဲ့ သက်ရောက်မှုတွေ မပေးရင် ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ မဟာမိတ်တွေနဲ့ နီးနီးကပ်ကပ် အလုပ်မလုပ်ရင် အကျိုးဆက်တွေမရှိတော့ဘူးလို့ လူတွေက ယူဆနေရင် သမိုင်းသင်ခန်းစာတွေကို နားမလည်လို့ပါပဲ” ဟု သူက ဆက်လက်ပြောကြားခဲ့သည်။

နိုင်ငံတော် ကာကွယ်ရေး အဆင့်မြှင့်ရန်နှင့် စစ်ဘက်ဆိုင်ရာ ဝန်ထမ်းဦးရေကို ၂၀၄၀ ပြည့်နှစ်တွင် ၁၈၀ဝဝ ခန့် ထပ်တိုးလာစေရန် ရည်ရွယ်ချက်ဖြင့် အမေရိကန်ဒေါ်လာ ၂၇ ဘီလီယံကျော်ကို သြစတြေးလျ အစိုးရက ထပ်မံ ခန့်ထားရန် စီစဉ်လျက်ရှိသည်။

ယူနီဖောင်းဝတ်ဆင်မည့် အရန်တပ်ဖွဲ့ဝင်အရေအတွက်သည် ၈၀ဝ၀ဝ ခန့်ရှိလာမည်ဖြစ်ပြီး အမြဲတမ်း ကာကွယ်ရေး တပ်ဖွဲ့အရေအတွက်သည် ၂၀၄၀ ပြည့်နှစ်တွင် ၁၀၁ ဝ၀ဝ ကျော်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့်သီတင်းပတ်က Quad အဖွဲ့ခေါင်းဆောင်များက ယူကရိန်းဖြစ်စဉ်မျိုး အင်ဒို-ပစိဖိတ်ဒေသတွင် ဖြစ်ခွင့်မပြုသင့်ကြောင်း သဘောတူခဲ့ကြသည်။

တရုတ်နှင့် ရုရှားအကြား “စိတ်အနှောင့်အယှက်ဖြစ်စရာ မဟာဗျူဟာမြောက် ပေါင်းစည်းမှု” ဖြစ်ပေါ်လာပြီး ရုရှားက ယူကရိန်းကို ကျူးကျော်လာချိန်မှ စ၍ “အင်အားကြီးနိုင်ငံများ ပဋိပက္ခ” ဖြစ်နိုင်ခြေ မြင့်တက်လာ ကြောင်း သြစတြေးလျထောက်လှမ်းရေးအကြီးအကဲက မတ်လ ၈ရက်တွင် ပြောကြားခဲ့သည်။

တရုတ်သမ္မတရှီကျင့်ဖျင်သည် အင်ဒို-ပစိဖိတ်ဒေသကို စိုးမိုးရန် စီစဉ်နေပြီး ကမ္ဘာ့ထိပ်တန်း အင်အားကြီးနိုင်ငံ အမေရိကန်ကို ကျော်တက်ရန် ယင်းဒေသကို အခြေစိုက်စခန်းအဖြစ် အသုံးပြုချင်နေပုံရကြောင်း သြစတြေးလျနိုင်ငံ အမျိုးသားထောက်လှမ်းရေးရုံး ညွှန်ကြားရေးမှူးချုပ် အင်ဒရူးရှီးရားက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly