ဒါရိုက်တာ မိုက်တီးအား လူမှုကွန်ရက်တွင် ပို့စ်တင်မှုကြောင့် ဖမ်းဆီးသည်ဟု ညီမ ဖြစ်သူပြော

ဒါရိုက်တာ မိုက်တီးအား လူမှုကွန်ရက်တွင် ပို့စ်တင်မှုကြောင့် ဖမ်းဆီးသည်ဟု ညီမ ဖြစ်သူပြော

မတ်လ ၁၅ ရက်

ဒါရိုက်တာ မိုက်တီးအား လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တင်မှုကြောင့် ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးခြင်းဖြစ်ပြီး အခြားပုဒ်မများ မပါဝင်ကြောင်း သူ၏ ညီမဖြစ်သူ မလင်းဇာနည်ဇော်က မဇ္စျိမ ကိုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက မတ်လ ၁၁ ရက် မွန်းလွဲပိုင်းအချိန်တွင် ရန်ကုန်မြို့၊ ဘောက်ထော်ရှိ နေအိမ်မှ ဒါရိုက်တာ မိုက်တီးအား ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိတွင် တာမွေမြို့နယ်ရဲစခန်း၌  ဖမ်းဆီး ထိန်းသိမ်းထားသည်ဟု ၎င်းက ဆိုသည်။

“ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ စာတင်လို့ပါ။ နိုင်ငံရေးပြဿနာ စဖြစ်တဲ့ ကာလမှာတော့ မတင်ဘူး။ ဖေ့စ်ဘွတ်လည်း မသုံးဖြစ်ဘူး။  လာခေါ်တုန်းက ဖမ်းခံရတဲ့ စာတစ်ပုဒ်ကိုပြောတယ်။ အမတို့လည်း ထူပူနေတော့ မမှတ်မိဘူးပေါ့နော်။ မိတ္ထူတွေဘာတွေလည်း မပေးသွားဘူး။ ရှေ့နေငှားပြီးတော့မှ အဲ့ဒီဟာတွေ ယူရမှာ။ ရှေ့နေငှားဖို့က တိုင်ပင်နေတုန်းပါ” ဟု ညီမဖြစ်သူက ဆိုသည်။

ဒါရိုက်တာ မိုက်တီးအား ၂၀၂၁ ခုနှစ် ဧပြီလ အတွင်းက ပုဒ်မ ၅၀၅-ကဖြင့် ဖမ်းဆီးရန် ဝရမ်းထုတ်ထားသော်လည်း ဖမ်းဆီးခြင်း မပြုဘဲ ယခုအချိန်မှသာ ဖမ်းဆီးခြင်းဖြစ်သည်ဟု သိရသည်။

“ ၂၀၂၁ ဧပြီထဲက သူ့ကို ၅၀၅-က နဲ့ ထုတ်ထားတယ်။ မဖမ်းဘဲနဲ့ အခု တစ်နှစ်ပြည့်ခါနီးဆဲဆဲမှ အဖမ်းခံရတာပေါ့။ တွေ့ဆုံခွင့်ဆိုတာက ခဏ ခဏတော့မရဘူး။ ဒါပေမဲ့ တာမွေစခန်းကိုတော့ မိသားစုအနေနဲ့ တွေ့ခွင့်ရဖို့ တောင်းတာပေါ့နော်။ ကိုမိုက်က ဆရာဝန်နှစ်ဦးလောက်နဲ့ ပြထားတာ သူ့ဆေးက လုံးဝပြတ်လို့ မရတဲ့ ဟာဖြစ်နေတယ်။ ဆေးကလည်း တစ်သမတ်ထဲမဟုတ်ဘူး။ သူ့ကိုချိန်ဆပြီး တိုက်နေရတဲ့ အခါကျတော့။သူ့ကို ဆေးအပြောင်းအလဲရှိတဲ့ အချိန်လေးတွေ ကျရင်တော့ ဆေးပေးခွင့်တော့ ပေးတယ်။ သူ့ကင်ဆာရောဂါအတွက် ဆေးပြတ်လို့ မရတဲ့ အတွက် သူ့အတွက် စိုးရိမ်နေရတာပေါ့” ဟု ဆိုသည်။

အသက် ၅၇ နှစ်အရွယ် ဒါရိုက်တာမိုက်တီး၊ အသက် ၇၈ နှစ်အရွယ် သူ၏ မိခင်နှင့်  ညီမဖြစ်သူ မချစ်ချစ်ဇော်တို့ သုံးဦးလုံး အူမကြီးကင်ဆာရောဂါ ခံစားနေရသူများ ဖြစ်သည်ဟု ဆိုသည်။

ဒါရိုက်တာ မိုက်တီးသည် “ မိုက်ချက်ကတော့ ကမ်းကုန်ပဲ” ၊ “ ရိုက်စား” ၊ “ မချစ်ဖူးတဲ့ အချစ်ရူး” စသည့် ဇာတ်ကားများဖြင့် နာမည်ကျော်လာသူ ဖြစ်သည်။

ဒါရိုက်တာ မိုက်တီးသည် ၂၀၁၈ ခုနှစ်၌ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု ပုဒ်မ ၁၆(ဂ)ဖြင့် ဖမ်းဆီးခံခဲ့ရပြီးနောက် အူမကြီးကင်ဆာ ရောဂါခံစားနေရသူဖြစ်သဖြင့် အာမခံဖြင့် ပြန်လည် လွှတ်ပေးခံထားရသူလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required