ရုရှ တီဗွီချန်နယ် တိုက်ရိုက်သတင်းထုတ်လွှင့်နေစဉ် စတူဒီယိုထဲ ဝင်နှောင့်ယှက် ဆန္ဒထုတ်ဖော်ခဲ့သည့် စစ်ဆန့်ကျင်ရေး ဆန္ဒပြသူ

ရုရှ တီဗွီချန်နယ် တိုက်ရိုက်သတင်းထုတ်လွှင့်နေစဉ် စတူဒီယိုထဲ ဝင်နှောင့်ယှက် ဆန္ဒထုတ်ဖော်ခဲ့သည့် စစ်ဆန့်ကျင်ရေး ဆန္ဒပြသူ

မတ် ၁၅

ရုရှအစိုးရထိန်းချုပ်သည့် တီဗွီချန်နယ်တစ်ခု ဖြစ်သော Channel One ၏ ယမန်နေ့က တိုက်ရိုက်သတင်းထုတ်လွှင့်ကြေညာမှု အစီအစဉ်တစ်ခု၌ စစ်ဆန့်ကျင်ရေးဆန္ဒပြသူတစ်ဦးက ဝင်ရောက်နှောင့်ယှက်ပြီး ဆန္ဒထုတ်ဖော်မှုတစ်ရပ်ကို လုပ်ဆောင်ခဲ့သည်။ တိုက်ရိုက်သတင်းကြေညာနေစဉ် အဆိုပါ ဆန္ဒပြသူက စတူဒီယို အစီအစဉ်သတင်းတင်ဆက်သူ၏ နောက်သို့ ရောက်လာပြီး ဆိုင်းဘုတ်တစ်ခု ကိုင်ကာ ယူကရိန်းစစ်ပွဲအပေါ် ရှုတ်ချသည့် ကြွေးကြော်သံများကို အော်ဟစ်ခဲ့သည်။

အင်္ဂလိပ်နှင့် ရုရှ ဘာသာတို့ဖြင့် ရေးသားသည့် ဆိုင်းဘုတ်တွင် “စစ်ပွဲ အလိုမရှိ၊ စစ်ပွဲကို ရပ်ပါ၊ ဝါဒဖြန့်တာတွေကို မယုံကြပါနဲ့၊ သူတို့က ဒီမှာ ရှင်တို့ကို လိမ်နေတာပါ” ဟု ရေးသားထားသည်။ “ရုရှနိုင်ငံသားတွေက စစ်ကို ဆန့်ကျင်ကြတယ်” ဟု ရေးထားပုံပေါ်သည့် အခြားစာသားတစ်ခုက တစ်ဝက်တစ်ပျက် မထင်မရှားဖြစ်နေခဲ့သည်။

အဆိုပါ ဖြစ်ရိုးဖြစ်စဉ် မဟုတ်တဲ့ ဆန္ဒထုတ်ဖော်မှု ဖြစ်ရပ်သည် ရုရှသမ္မတ ဗလာဒီမာ ပူတင်က အထူးစစ်ဘက် စစ်ဆင်ရေးတစ်ခု လုပ်ဆောင်ခြင်းဟု ဆိုခဲ့ပြီး ဖေဖေါ်ဝါရီ ၂၄ ရက်က ယူကရိန်းကို ကျူးကျော်ရန် အမိန့်ပေးခဲ့ချိန် စတင်ဖြစ်ပေါ်ခဲ့သည့် စစ်ပွဲ၏ ၁၉ ရက်မြောက်နေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“စစ်ပွဲကို ရပ်ပါ၊ စစ်ကို အလိုမရှိဘူး” ဟု အမျိုးသမီး ဆန္ဒပြသူက အော်ပြောနေသည်ကို ကြားခဲ့ရစဉ် သတင်းကြေညာသူက teleprompter (ရုပ်သံ စကားပြောသူများအတွက် စကားထောက်ကိရိယာ) မှ သတင်းကို ဆက်လက် ဖတ်ပြကြေညာခဲ့သည်။

ယင်းနောက် အဆိုပါ ဆန္ဒပြသူကို ရုပ်သံဖန်သားပြင်ကနေ ဖယ်ရှားရန်အတွက် ချန်နယ်က မတူညီသော အစီအစဉ်တစ်ခုကို ပြောင်းလဲခဲ့မှု မတိုင်မီ စက္ကန့်ပိုင်းအထိ ထို ဆန္ဒပြသူ၏ အော်ဟစ်ဆန္ဒထုတ်ဖော်နေသံကို ကြားခဲ့ရသည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ညပိုင်း ဗီဒီယို မိန့်ခွန်းတစ်ရပ်တွင် အဆိုပါ ဆန္ဒပြသူကို ကျေးဇူးတင်စကား ဆိုသွားခဲ့သည်။

“အမှန်တရားကို လူအများသိရှိစေဖို့ မနားမနေ ကြိုးပမ်းနေတဲ့ ဒီလိုမျိုး ရုရှနိုင်ငံသားတွေကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ လုပ်ကြံသတင်းတွေကို တိုက်ဖျက်နေတဲ့သူတွေ၊ အမှန်တရားကို ထုတ်ဖော်နေသူတွေနဲ့ သူငယ်ချင်းတွေ၊ ချစ်ရသူတွေကို မှန်ကန်တဲ့ အချက်အလက်တွေ ပြောနေတဲ့သူတွေကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် စစ်ဆန့်ကျင်ရေး ပိုစတာတစ်ခုနဲ့အတူ ချန်နယ်ဝမ်းရဲ့စတူဒီယိုထဲ ဝင်ခဲ့တဲ့ ဒီအမျိုးသမီးကို ကျွန်တော် ကျေးဇူးတင်ပါတယ်” ဟု ဇယ်လန်စကီးက ပြောခဲ့သည်။

အလားတူ အကျဉ်းကျခံ ရုရှအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗယ်လ်နီ၏ ပြောရေးဆိုခွင့်ရှိသူ ကီရာ ယမ်းမက်ရှ်ကလည်း “ ဝိုး၊ ဒီမိန်းကလေးက တကယ့်လူပဲ” ဟု တွစ်တာတွင် ရေးခဲ့သည်။

သူမက ထိုဖြစ်စဉ် ဗီဒီယိုကိုလည်း တင်ခဲ့ရာ ယင်းသည် အချိန်တိုအတွင်း ကြည့်ရှုမှုပေါင်း ၂ ဒသမ ၆ သန်းကျော် ရရှိခဲ့သည်။

အစိုးရထိန်းချုပ်သည့် ရုပ်သံချန်နယ်သည် ရုရှနိုင်ငံသား သန်းပေါင်းများစွာအတွက် အဓိက သတင်းရင်းမြစ် ဖြစ်သည်။ ယင်း ရုပ်သံချန်နယ်သည် ယူကရိန်းရှိ ရုရှစကားပြောဆိုသူများကို “လူမျိုးတုန်းသတ်မှု” ကနေ ကာကွယ်ရန်၊ နာဇီဝါဒလွှမ်းမိုးမှုကို ဖယ်ရှားရန်နှင့် စစ်အသွင်ပပျောက်စေရန်အတွက် ယခုကဲ့သို့ ယူကရိန်း၌ မလွဲမရှောင်သာ လုပ်ဆောင်ရသည် ဆိုသည့် ရုရှအစိုးရ ရပ်တည်ချက်သဘောထားအတိုင်း တစ်သဝေမတိမ်း လိုက်နာသည်။ သို့သော် ယင်းသည် ဒီမိုကရေစီနိုင်ငံတစ်ခုကို ကျူးကျော်ရန် မှားယွင်းသည့် မူမမှန်အကြောင်းပြချက်တစ်ခု ပေးခြင်းသာဖြစ်သည်ဟု ယူကရိန်းနှင့် ကမ္ဘာ့နိုင်ငံအများစုက ပြစ်တင်ထားသည်။

ဆန္ဒပြမှုများကို စောင့်ကြည့်သည့် လွတ်လပ်သော အဖွဲ့တစ်ခုဖြစ်သော OVD-Info နှင့် Agora လူ့အခွင့်အရေးအဖွဲ့ အကြီးအကဲတို့၏ အဆိုအရ ထို ဆန္ဒပြအမျိုးသမီး၏ အမည်သည် မာရီနာ အော့ဗ်စယန်နီကိုဗာ ဖြစ်ပြီး ယင်းချန်နယ်၏ ဝန်ထမ်းတစ်ဦး ဖြစ်သည်ဟု သိရသည်။

ယခုအခါ ဆန္ဒပြသူ အော့ဗ်စယန်နီကိုဗာသည် ဖမ်းဆီးခံရပြီး မော်စကို ရဲစခန်းတစ်ခုသို့ ခေါ်ဆောင်ခံခဲ့ရကြောင်း Agora ၏ အကြီးအကဲ ပက်ဗယ် ချီကော့ဗ်က ပြောသည်။ သူမသည် စစ်တပ်ကို ဂုဏ်သိက္ခာကျစေမှု တိုက်ဖျက်ရေးဆိုင်ရာ ဉပဒေတစ်ရပ်အောက်တွင် စွဲချက်များနှင့် ရင်ဆိုင်ရနိုင်သည်ဟု Tass သတင်းအေဂျင်စီက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required