ရှမ်းမြောက်ပိုင်း လွယ်ဆာရွာသားများ ပြန်မရောက်သေး၊ ဖမ်းဆီးသည်ဆိုသည်မှာ စွတ်စွဲချက်သာဖြစ်ဟုဆို

ရှမ်းမြောက်ပိုင်း လွယ်ဆာရွာသားများ ပြန်မရောက်သေး၊ ဖမ်းဆီးသည်ဆိုသည်မှာ စွတ်စွဲချက်သာဖြစ်ဟုဆို

ချင်းမိုင်(မဇ္ဈိမ) ။              ။ ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် လွယ်ဆာကျေးရွာသား ၁၁ ဦးကို ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ပြီး ပြန်ရောက်လာခြင်း မရှိသေးဟု သိရသည်။

ထို့ပြင် ဒေသခံ ရွာသား ၂၀၀ ကျော်မှာလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းက ပြောဆိုသည်။

ဇန်နဝါရီလ ၁၇ ရက်၌ လွယ်ဆာကျေးရွာ ဆယ်အိမ်မှူး၊ အုပ်ချုပ်ရေးမှူး၊ အတွင်းရေးမှူးနှင့် လူငယ် ခေါင်းဆောင်တို့ ၄ ဦး ကို ဖမ်းဆီးသွားခြင်းနှင့် ၇ ဦးအား RCSS/SSA က အတင်းအဓမ္မပေါ်တာ ဆွဲခေါ်သွားပြီး ယနေ့ ဇန်နဝါရီလ ၂၂ ရက်ထိ ပြန်မရောက်လာသေးကြောင်း ဇန်နဝါရီလ ၂၀ ရက်က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် RCSS/SSA တို့ ဇန်နဝါရီလ ၁၇ ရက်၌ တိုက်ပွဲ ပြင်းပြင်း ထန်ထန် ဖြစ်ပွားခဲ့ပြီး လူငယ်ခေါင်းဆောင် ၄ ဦးကို TNLA နှင့် ဆက်သွယ်သည်ဟု စွတ်စွဲကာ ဖမ်းဆီး ခေါ်ဆောင်သွားပြီး အခြား ရွာသား ၇ ဦးကိုမူ ပေါ်တာအဖြစ် ခေါ်သွားသည်ဟု တအာင်း အမျိုးသမီးများအဖွဲ့အစည်းမှ တွဲဘက်အတွင်းရေးမှူး လှိည်းပိုးညိူဝ်းက ပြောသည်။

“မိုးကုတ်မှာ ရောက်လာတဲ့ ရွာသားတွေက ပြောပြတယ်။ RCSS နဲ့TNLA တို့ တိုက်ပွဲဖြစ်ပွားတဲ့ နောက်မှာ ဖမ်းသွားတယ်။ တခြားရွာသားတွေကိုတော့ ပေါ်တာအဖြစ် ခေါ်သွားတယ်။ ရွာသား တစ်ယောက်ကို သစ်ပင်ပေါ်မှာ ချည်ပြီးတော့ စစ်ဆေး မေးမြန်းတာတွေ လုပ်တဲ့အတွက် ရွာသားတွေ အကုန်လုံး ထွက်ပြေးရတဲ့ဟာတွေ ရှိတယ်။ ခုထိ မလွတ်လာသေးဘူး။” ဟု သူက မဇ္ဈိမကို ပြော သည်။

ထို့ပြင် ရွာသားများ၏ ပစ္စည်းများကို အတင်းအဓမ္မ သိမ်းယူသကဲ့သို့ ရွာသားများကိုလည်း ညှင်းပန်းနှိပ်စက်မှုနှင့် ခြိမ်းခြောက်ခြင်းများရှိသဖြင့် ရွာသား ၂၀၀ ကျော်သည် မနေရဲတော့ဘဲ ထွက်ပြေးခိုလှုံနေကြ သည်ဟုလည်း သိရသည်။

RCSS/SSA က ဒုတိယ ဗိုလ်မှူးကြီး စိုင်မိဏ်းကမူ RCSS/SSA အနေဖြင့် လွယ်ဆာကျေးရွာသားများအား ဖမ်းဆီးခြင်း မရှိကြောင်း၊ စွတ်စွဲပြောဆိုခြင်းသာဖြစ်သည်ဟု ပြောသည်။

“ကျနော်တို့ ရွာသားတွေကို ဖမ်းဆီးတာ အကြောင်းအရင်း တခုမှ မရှိဘူး။ ဒါက အခြေအမြစ် မရှိတဲ့ တဖက်သတ် စွတ်စွဲတဲ့ စကားတွေပါ။ ဒေသခံတွေကို စုံစမ်းကြည့်ရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။” ဟု သူက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်းမှ TNLA မှ ဖမ်းဆီးခဲ့သည့် မိုင်းဖြတ်မှ ပြည်သူ ၈ ဦးကို လွတ်ပေးလိုက်ပြီဖြစ်သော်လည်း မိုင်းဝိုင်း၊ ဟိုပန်တို့မှ ၁၈ ဦးကိုမူ ယခုထိ မလွတ်ပေးသေးကြောင်း ဒုတိယ ဗိုလ်မှူးကြီး စိုင်မိဏ်းက တုန့်ပြန်ပြောဆိုသည်။

ဇန်နဝါရီလ ၁၇ ရက်မှ ၁၉ ရက်ထိ တိုက်ပွဲဖြစ်ပွားရှိသော်လည်း အစိုးရ စစ်တပ်နှင့် ပူးပေါင်းတိုက်ခိုက်ခြင်း မရှိကြောင်း ဒုဗိုလ်မှူး စိုင်မိဏ်းက ပြောသည်။

“အတူတကွ တိုက်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ စွတ်စွဲပြီးတော့ ပြောတာပါ။ သူတို့ TNLA က မနက်အစောကြီး ကျနော်တို့ ချထားတဲ့နေရာမှာ သီပေါနဲ့ ကျောက်မဲမှာ နှစ်နေရာမှာ တိုက်ပွဲဖြစ်တယ်။ ဒီနယ်မြေက ကျနော်တို့ ၂၀၀၆ ခုနှစ်ကတည်းက လှုပ်ရှားနေခဲ့တဲ့နေရာပါ။” ဟု သူက ပြောသည်။

တိုင်းရင်းသားအချင်းချင်းကြား တိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင်ခြင်းများကို အမြန်ဆုံး ရပ်တန့်ရန်၊ တိုင်းရင်းသား အချင်းချင်း ထိုးစစ်ဆင်မှုများ မပြုလုပ်ရန်၊ ဖမ်းဆီးသွားသော ရွာသားများအား ခြွင်းချက်မရှိ ချက်ချင်းလွှွှတ်ပေးရန်၊ ဖမ်းဆီးထားသူ ရွာသားများအား တရားမျှတမှု ရရှိစေရန် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ အပါအဝင် အစိုးရနှင့် ချက်ချင်းတာဝန် ယူဖြေရှင်းပေးရန် တအာင်းအမျိုးသမီးအဖွဲ့က တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags