အင်္ဂပူမြို့နယ်တွင် ပြည်သူ ၁၆ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

အင်္ဂပူမြို့နယ်တွင် ပြည်သူ ၁၆ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

မတ် ၁၅

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ် ထန်းပင်ကုန်းရွာတွင် ပျူစောထီး ခေါင်းဆောင်ဟု ဆိုသူ အသတ်ခံရ ပြီးနောက် ဒေသခံ ပြည်သူ ၁၆ ဦးကို စစ်ကောင်စီတပ်နှင့် ရဲများက ဖမ်းဆီးသွားကြောင်း ဒေသခံများထံက သိရသည်။

ထန်းပင်ကုန်းကျေးရွာနေ ပျူစောထီး ခေါင်းဆောင်ဟု ဆိုသူ လှိုင်ဝင်းအောင် အား စွန်ရဲနီ PDF တပ်ဖွဲ့က မတ်လ ၁၁ ရက်နေ့ မနက် ၃ နာရီခန့်တွင် သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါအဖွဲ့ ခေါင်းဆောင် ဆိုသူက ပြောသည်။

"ဒလန် လှိုင်ဝင်းအောင် မသေခင်က ရဲနဲ့ စစ်တပ်ကို စာရင်းပေးထားတာ အယောက် ၄၀ ရှိတယ် ဆိုပြီး လိုက်ဖမ်းနေတာ အခု ၁၆ ယောက် ပါသွားပြီ၊ စွန်ရဲနီ အဖွဲ့ ခေါင်းဆောင်နဲ့ အဆက်အသွယ် ရှိတယ်ဆိုပြီး လိုက်ဖမ်း နေတာပါ" ဟု ဒေသခံက ဆိုသည်။

ထန်းပင်ကုန်းရွာနှင့် အနီး ပတ်ဝန်းကျင်ရှိ ရွာများနေ ဒေသခံများကို PDF နှင့် အဆက်အသွယ် ရှိသည်ဟု စွပ်စွဲကာ မတ်လ ၁၁ ရက်နေ့တွင် ဖမ်းဆီးခြင်း ဖြစ်ကြောင်း ပြောသည်။

"ဖမ်းချင်ရင် လှိုင်ဝင်းအောင်ကို သတ်တဲ့ စွန်ရဲနီ PDF အဖွဲ့ ခေါင်းဆောင် ကျွန်တော့်ကို မိအောင် ဖမ်းပါ။ မဆိုင်တဲ့ သူတွေကို မဖမ်းပါနဲ့၊ အပြစ်မဲ့ ပြည်သူတွေကို ထပ်ဖမ်း နေရင်တော့ နောက်ထပ် လက်တုန့်ပြန်မှု တွေကို စွန်ရဲနီ အဖွဲ့က ထပ်လုပ်သွားရ ပါလိမ့်မယ်" ဟု စွန်ရဲနီ PDF ခေါင်းဆောင်က ပြောသည်။

စစ်ကောင်စီတပ် လိုက်လံ ဖမ်းဆီးနေသည့် အတွက် လူငယ် အချို့ ရှောင်တိမ်း နေရကြောင်း၊ ဖမ်းဆီးခံ ထားရသည့် ဒေသခံ ၁၆ ဦးကို ဟင်္သာတ ရဲစခန်းတွင် စစ်ကောင်စီ လက်အောက်ခံ ရဲများက စစ်ဆေးနေကြောင်း ဒေသခံက ပြောသည်။

#Mizzima

#အင်္ဂပူမြို့နယ်

#စွန်ရဲနီ

#ဖမ်းဆီး

#ဒလန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly