တွဲဆက်မုဒိမ်းသမား အိုကလာဟိုးမားရဲအရာရှိ ထောင် ၂၆၃နှစ် ပြစ်ဒဏ်ချမှတ်ခံရ

တွဲဆက်မုဒိမ်းသမား အိုကလာဟိုးမားရဲအရာရှိ ထောင် ၂၆၃နှစ် ပြစ်ဒဏ်ချမှတ်ခံရ

အိုကလာဟိုးမား၊ ဇန်နဝါရီ-၂၂ ။          ။ ၆ လကြာ အာဖရိကနွယ်ဖွား အမေရိကန် အမျိုးသမီးများနောက်ကို အနံ့ခံလိုက်နေခဲ့ပြီးနောက်မှာ အိုကလာဟိုးမား မြို့တော် ရဲအရာရှိဟောင်း ဒနီယယ် ဟို့ဇ်ကလောကို မုဒိမ်းမှုနှင့် အခြားပြစ်မှုများအတွက် ဂျူရီအဖွဲ့က ထောင်ဒဏ် ၂၆၃နှစ် ချမှတ်ခဲ့သည်ဟု ၎င်း၏ ရှေ့နေက ပြောကြားခဲ့သည်။

ပထမတန်းစား မုဒိမ်းကျင့်မှု လေးခုနှင့် အတင်းအဓမ္မ ပုံမှန်မဟုတ်သောနည်းဖြင့် လိင်ဆက်ဆံမှု လေးခုအပါအဝင် အမှု ၃၆ ခုအနက် ၁၈ခုတွင် ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ပြီး တစ်လအကြာတွင် ယခုကဲ့သို့ စီရင်ချက် ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။

အစိုးရရှေ့နေများ၏ ပြောကြားချက်အရ မူးယစ်ဆေးနှင့် ပြည့်တန်ဆာလုပ်မှု မှတ်တမ်းများက သူ့အပေါ် တင်လာနိုင်သည့် စွဲချက်များကို အားပျော့ပျက်ပြယ်သွားစေလိမ့်မည်ဟု ယူဆက ဟို့ဇ်ကလောက အိုကဘာဟိုးမား၏ ဆင်းရဲသားရပ်ကွက်များမှ ရာဇဝတ်မှုနောက်ခံရှိသူများကို ပစ်မှတ်ထား ရှာဖွေခဲ့သည်ဟု ဆိုသည်။

ထို့နောက် ဟို့ဇ်ကလောက သူ၏ သားကောင်များကို ကိုင်တွယ်ပွတ်သပ်ခြင်းမှသည် ပုံမှန်မဟုတ်သော နည်းဖြင့် မုဒိမ်းကျင့်ခြင်းများအထိသော လိင်ပိုင်းစော်ကားမှုများကို ပြုလုပ်ခဲ့သည်ဟု ကာယကံရှင် ၁၃ယောက်က သက်သေခံထွက်ဆိုခဲ့သည်။ ဖခင်မှာလည်း အခြားရဲတပ်ဖွဲ့တွင် ဒုဗိုလ်တစ်ယောက်ဖြစ်သည့် ဟို့ဇ်ကလောကမူ သက်သေခံထွက်ဆိုခွင့်ကို ရှောင်လွှဲခဲ့သည်။  

လူထုကို ကာကွယ်အကျိုးဆောင်ရန် ဘတ်တံဆိပ်နှင့် တွဲဆက်မုဒိမ်းသမားက အဓမ္မ လိင်ဆက်ဆံခိုင်းခဲ့ပုံ ဇာတ်လမ်းများကို ကာယကံရှင် အမျိုးသမီးနှစ်ဦးက စီအင်အင်သို့ ပြန်ပြောင်း ပြောပြခဲ့သည်။

ခံရသူ ကာယကံရှင်အားလုံးမှာ လူမည်းများသာဖြစ်သောကြောင့် ဤအမှုတွင် လူမျိုးရေးမှာလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပတ်သက်နေခဲ့သည်။ ဟို့ဇ်ကလောအား နိုဝင်ဘာလတွင် စတင်ကြားနာစစ်ဆေးခဲ့ရာ ဂျူရီလူကြီးများမှာ လူဖြူများချည်း ဖြစ်နေသည့်အတွက် တက်ကြွလှုပ်ရှားသူများက ဝေဖန်ခဲ့ကြသည်။ ရုံးတော်အပြင်ဘက်တွင် ဆန့်ကျင်သူများ စုရုံး ဆန္ဒပြခဲ့ကြသည်။

ဖခင်မှာ လူဖြူနှင့် မိခင်မှာ ဂျပန်လူမျိုးဖြစ်သည့် ဟို့ဇ်ကလောကို အာရှ (သို့မဟုတ်) ပစိဖိတ်ကျွန်းသားဟု ရုံးတော်မှတ်တမ်းတွင် ဖော်ပြထားသည်။

ကာယကံရှင် မိသားစုများကို ကိုယ်စားပြုသည့် ရှေ့နေ ဘင်ဂျမင် ခရမ့်ကမူ သူတို့ရဲ့ တရားမျှတမှုအတွက် လူထုအော်သံဘယ်မှာလဲဟု ဤအမှုတွင် အသံတိတ်နေသည့် မီဒီယာကို ဝေဖန်ခဲ့သည်။

စီရင်ချက်မှာ သမိုင်းဝင်အောင်ပွဲဖြစ်သည်ဟုလည်း ခရမ့်က ပြောကြားခဲ့သည်။

‘ခံရသူတွေထဲမှာ ဆယ်ကျော်သက်တွေကနေ ၅၇နှစ်အရွယ် အဖွားတွေအထိ ပါနေတယ်။ ဒါဟာ လူမည်းအမျိုးသမီးတွေကို လိင်ပိုင်း ဖိနှိပ်ညှဉ်းပန်းတဲ့ နှစ်ပေါင်း ၄၀၀လောက်ရှိပြီဖြစ်တဲ့ လူမျိုးရေးခွဲခြားမှု အစဉ်အလာကြီးတစ်ခုပဲ။ ဒီအောင်ပွဲဟာ ကာယကံရှင် အမျိုးသမီးတွေအတွက်သာမဟုတ်ဘူး လူမည်းအမျိုးသမီးအားလုံးအတွက် အောင်ပွဲဖြစ်တယ်’ဟု ခရမ့်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly