တရုတ်က တိဗက်အုံကြွမှုနှစ်ပတ်လည်နေ့မတိုင်မီ စစ်ရေးလေ့ကျင့်မှုကြီး ပြုလုပ်

တရုတ်က တိဗက်အုံကြွမှုနှစ်ပတ်လည်နေ့မတိုင်မီ စစ်ရေးလေ့ကျင့်မှုကြီး ပြုလုပ်

တရုတ်သည် တိဗက်အုံကြွမှုနှစ်ပတ်လည်နေ့ မတ်လ ၁၀ ရက်မတိုင်မီ အိန္ဒိယနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော တိဗက်ဒေသအနီးတွင် စစ်ရေးလေ့ကျင့်မှုကြီးတစ်ခုကို ပြုလုပ်ခဲ့သည်။

ရှီဂါဆဲစစ်ဌာနချုပ်က နိုင်ငံရေးအရ ထိရှလွယ်သော၁၉၅၉ ခုနှစ် မတ်လ ၁၀ ရက် တိဗက်အုံကြွမှု နှစ်ပတ်လည်နေ့ နီးချိန်တွင် တိုက်ပွဲဝင်အသင့်ဖြစ်စေရေးစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း တရုတ်အစိုးရမီဒီယာက ဖော်ပြခဲ့သည်။

နိုင်ငံပိုင်မီဒီယာက အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် ပင်လယ်ပြင်ထက်အမြင့် ၄၃၀၀ မီတာရှိ တိဗက် ကုန်းပြင်မြင့်အတွင်းပိုင်းတွင် အမှန်တကယ်တိုက်ပွဲ၌ အသင့်ဖြစ်စေရန် လေ့ကျင့်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။

“နှစ်ပေါင်း ၆၀ ကျော်ကြာပြီးတဲ့နောက်မှာ တိဗက်ကို တရုတ်သိမ်းပိုက်မှုဟာ တိဗက်ယဉ်ကျေးမှု ရှင်သန်မှုကိုသာမက အိန္ဒိယနဲ့ လွတ်လပ်တဲ့ကမ္ဘာ့နိုင်ငံတွေရဲ့ ဘေးကင်းလုံခြုံမှုအပေါ်ကိုပါ ခြိမ်းခြောက်မှုအဖြစ် ဆက်လက်တည်ရှိနေတယ်ဆိုတာ ဒီစစ်ရေးလေ့ကျင့်မှုကပြသနေပါတယ်” ဟု တိဗက်လူမျိုးများအတွက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီလွတ်လပ်ခွင့်များကို မြှင့်တင်ပေးသည့် တိဗက်ရေးရာနိုင်ငံတကာကမ်ပိန်း (ICT) အဖွဲ့က ပြောသည်။

“ယူကရိန်းကိစ္စမှာဆိုရင် တရုတ်နိုင်ငံက လွန်ခဲ့တဲ့ဆယ်စုနှစ်များစွာတုန်းက တိဗက်ကို လုပ်ခဲ့သလို အာဏာရှင်အစိုးရတွေက သူတို့ရဲ့ အိမ်နီးချင်းနိုင်ငံငယ်တွေကို ကျူးကျော်တဲ့အခါ ဘာဖြစ်သွားလဲဆိုတာ တစ်ကမ္ဘာလုံးက တွေ့မြင်နေရတယ်။ တရုတ်နိုင်ငံရဲ့ ဖိနှိပ်ချုပ်ခြယ်တဲ့ အုပ်ချုပ်မှု ထပ်မပြန့်ပွားခင် ကမ္ဘာ့အသိုက်အဝန်းအနေနဲ့ တိဗက်ဘက်က ရပ်တည်ရပါမယ်” ဟု ICT က ဆိုသည်။

ရှီဂါဆဲစစ်ဌာနချုပ်သည် မဟာဗျူဟာအရ အရေးပါသည့် အိန္ဒိယနှင့်ထိစပ်နေသောတိဗက်နယ်နိမိတ်များကို ကွပ်ကဲရသည်။တရုတ်အာဏာပိုင်များသည် အိန္ဒိယနှင့် တင်းမာမှုများ ဆက်လက်တည်ရှိနေမှုကို ညွှန်ပြရန် ယင်းဒေသတစ်လျှောက်တွင် အခြေခံအဆောက်အအုံများ ထူထောင်လျက်ရှိသည်။

မတ်လ ၁၀ ရက်သည် တရုတ်နိုင်ငံသိမ်းပိုက်မှုကို ဆန့်ကျင်သည့် ၆၃ နှစ်မြောက် တိဗက်လူမျိုးအုံကြွမှု နှစ်ပတ်လည်နေ့ ဖြစ်သည်။

တရုတ်တပ်ဖွဲ့များက တိဗက်တို့၏ ဆန့်ကျင်မှုကို ချေမှုန်းနိုင်ခဲ့ပြီးနောက် ဒလိုင်းလားမားသည် အိန္ဒိယသို့ ထွက်ပြေးသွားခဲ့ရကာ ယနေ့တိုင် ထိုနိုင်ငံ၌နေထိုင်ဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly