ယူကရိန်း ကျူးကျော်မှု၌ ရုရှအား မကူညီရန် တရုတ်ကို အမေရိကန် သတိပေး 

ယူကရိန်း ကျူးကျော်မှု၌ ရုရှအား မကူညီရန် တရုတ်ကို အမေရိကန် သတိပေး 

မတ် ၁၅

ယူကရိန်းအား ကျူးကျော်မှု၌ ရုရှကို စစ်ရေး သို့မဟုတ် ဘဏ္ဍာရေး အကူအညီများ မပေးရန် တရုတ်နိုင်ငံအား အမေရိကန်က သတိပေးလိုက်သည်။ ရုရှနိုင်ငံရေးသမားများနှင့် စီးပွားရေး ခေါင်းဆောင်များကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ပြီး အရပ်သားများမှာလည်း မြေပြင်မှ ပြင်းထန်သည့် တိုက်ပွဲများမှ လွတ်မြောက်နိုင်ရေး ကြိုးစားလျက်ရှိနေချိန်လည်း ဖြစ်သည်။ 

ဖြစ်ပေါ်တိုးတက်မှု မရှိခဲ့သော တနင်္လာနေ့က အွန်လိုင်းဗီဒီယိုမှ ဆွေးနွေးကြပြီးနောက် ပဋိပက္ခ လျော့ပါးရေးအတွက် ယူကရိန်းနှင့် ရုရှ စေ့စပ်ညှိနှိုင်းသူများကြား နောက်ထပ်ဆွေးနွေးပွဲများကို အင်္ဂါနေ့တွင် ဆက်လက်ကျင်းပရန် မျှော်မှန်းထားကြသည်။ 

ဖေဖော်ဝါရီ ၂၄ ရက်၌ ရုရှသမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းအား ကျူးကျော်ရန် အမိန့်ထုတ်လိုက်ချိန်မှစကာ တိုက်ပွဲများနှင့် ဗုံးကြဲမှုများအတွင်း လူထောင်ပေါင်းများစွာ သေဆုံးရသည်။ 

ရုရှက ၎င်း၏ ကျူးကျော်မှု လုပ်ရပ်ကို နာဇီဝါဒနှင့် လူမျိုးတုံး သတ်ဖြတ်မှုအား တားဆီးရန်အတွက် ယူကရိန်းအား “အထူးစစ်ရေးစစ်ဆင်မှု”အဖြစ် ပြောဆိုသည်။ အမေရိကန်နှင့် မဟာမိတ်များကမူ တရားမဲ့တိုက်ခိုက်မှုအတွက် ယိုးမယ်ဖွဲ့ခြင်းသာ ဖြစ်သည်ဟု ပယ်ချသည်။ 

ရုရှသည် အကူအညီပေးရန် အရိပ်အမြွက်ပြသသည့် တရုတ်နိုင်ငံထံမှ စစ်ရေးနှင့် စီးပွားရေး ကူညီထောက်ပံ့မှု တောင်းခံထားကြောင်း အမေရိကန်တာဝန်ရှိသူများအရ သိရသည်။ 

ရုရှကမူ ယင်းကို ငြင်းဆန်ပြီး ၎င်းတို့၏ ရည်မှန်းချက်အားလုံးကို ဖြည့်ဆည်းနိုင်မည့် ပြည့်စုံသော ရင်းမြစ်များ ရှိထားကြောင်း ပြောသည်။ အကူအညီ တောင်းသည်ဆိုသော သတင်းများက “သတင်းမှားများ”သာဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တံဆိပ်ကပ်သည်။ 

“ကျွန်တော်တို့အနေနဲ့ လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးဆိုတာကို တရုတ်ဆီ ရှင်းရှင်းလင်းလင်း ဆက်သွယ်အသိပေးထားတယ်”ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ နက်ဒ် ပရက်စ်က သတင်းထောက်များအား ပြောသည်။ “ရုရှကို သူ့ရဲ့ ဆုံးရှုံးမှုတွေအတွက် အစားထိုးပေးမယ့် ဘယ်နိုင်ငံမဆို ကျွန်တော်တို့ ခွင့်ပြုလိမ့်မှာ မဟုတ်ဘူး”ဟု တရုတ်ထိပ်တန်းသံတမန် ယန် ကျင်းချီနှင့် အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ် ဆူလီဗန်တို့ တွေ့ဆုံပြီးနောက် နက်ဒ် ပရက်စ်က ပြောခြင်း ဖြစ်သည်။ 

ဂျိန် ဆူလီဗန်နှင့် ယန် ကျင်းချီတို့၏ ၇ နာရီကြာ တွေဆုံဆွေးနွေးမှုက အကြိတ်အနယ် ရှိခဲ့သည်ဟု အမေရိကန်တာဝန်ရှိသူတစ်ဦးအရ သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required