ရွှေနှင့် ဒေါ်လာများ ဦးဖြိုးမင်းသိန်းထံက လက်ခံရယူခဲ့ခြင်းမရှိဟု နိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထွက်ဆို

ရွှေနှင့် ဒေါ်လာများ ဦးဖြိုးမင်းသိန်းထံက လက်ခံရယူခဲ့ခြင်းမရှိဟု နိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထွက်ဆို

မတ်လ ၁၄ ရက်

ရွှေနှင့် ဒေါ်လာများကို ဦးဖြိုးမင်းသိန်းက ပေးအပ်ခဲ့ခြင်းမရှိသလို ၎င်းအနေဖြင့် လက်ခံရယူခဲ့ခြင်းလည်းမရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ရုံးချိန်းတွင် ထွက်ဆိုခဲ့ကြောင်း တရားရုံးအသိုင်းအဝိုင်းနှင့် နီးစပ်သူထံမှ သိရသည်။

ယနေ့ မတ်လ ၁၄ရက်ရုံးချိန်းတွင် အဆိုပါ အမှုနှင့် ပတ်သက်ပြီး နိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို အဓိကစစ်မေးမှုပြုလုပ်ခဲ့ရာ အတိုင်ပင်ခံပုဂ္ဂိုလ်က ၎င်းအနေဖြင့် အပြစ်မရှိ​ကြောင်း ထွက်ဆိုခဲ့သည်ဟုလည်း သိရသည်။

၎င်းက ခံပြသက်သေတင်သွင်းခြင်းမပြုသည့်အတွက် နောက်ရုံးချိန်းတွင် အမှုနှင့်ပတ်သက်ပြီး နှစ်ဖက်ရှေ့နေများက အပြီးသတ်လျှောက်လဲချက်ပေးကြရမည်ဖြစ်သည်။

ယင်းအမှုမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ဒေါ်လာ ခြောက်သိန်းနှင့် အကယ်ဒမီအခေါက်ရွှေ ခုနစ်ပိဿာပေးခဲ့သည်ဟု စွပ်စွဲပြီး အဂတိအမှုဖြင့် တရားစွဲထားခြင်းဖြစ်သည်။

အမှုနှင့် ပတ်သက်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်ဘက်က ဦးဖြိုးမင်းသိန်းနှင့် ၎င်း၏ဇနီးအပါအဝင် ပြန်​ခေါ်သက်​သေ လေးဦးကို ​ခေါ်ယူခဲ့ပြီး အဆိုပါ ပြန်​ခေါ်သက်​သေ များကို မတ်လ ၇ရက်​နေ့ ရုံးချိန်းတွင် ပြန်လည်စစ်​ဆေးခဲ့သည်။

ရွှေနှင့်​ဒေါ်လာများ ​ဒေါ်​အောင်ဆန်းစုကြည်ထံ ​​ပေးခဲ့​ကြောင်း ဦးဖြိုးမင်းသိန်းက ပြီးခဲ့သည့် ​အောက်တိုဘာ ၁ရက်​နေ့ရုံးချိန်းတွင် လိုပြသက်​သေအဖြစ် ထွက်ဆိုခဲ့ပြီး ၎င်း၏ထွက်ဆိုချက်မှာ "အဓိပ္ပါယ်မဲ့"​ကြောင်း ဒေါ်​အောင်ဆန်းစုကြည်က "All Absurd"ဟု မှတ်ချက်​ပေးထားသည်။

ထို့အပြင် တရားလိုဖြစ်သူ အဂတိလိုက်စားမှုတိုက်ဖျက်​ရေး​ကော်မရှင်မှ ညွှန်မှူး ဦးရဲထက်ကို စတင်စစ်​မေးခဲ့စဥ်က သက်​သေခံပစ္စည်းဖြစ်သည့် ​ရွှေနှင့်​ဒေါ်လာများကို ​​ဒေါ်​အောင်ဆန်းစုကြည်ထံက သိမ်းဆည်းရမိခြင်းမရှိဟု ထွက်ဆိုထား​ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required