ဂျာမနီက F-35 ကိုယ်ပျောက်တိုက်လေယာဉ် ၃၅ စင်း ဝယ်ယူမည် 

ဂျာမနီက F-35 ကိုယ်ပျောက်တိုက်လေယာဉ် ၃၅ စင်း ဝယ်ယူမည် 
Photo - REUTERS

မတ်လ ၁၄ ရက်

ဂျာမနီနိုင်ငံသည် ၎င်း၏ သက်တမ်းအို Tornado လေယာဉ်များနေရာတွင် အစားထိုးရန်အတွက် အမေရိကန် Lockheel Martin ထုတ် F-35 တိုက်လေယာဉ်များကို ဝယ်ယူသွားမည်ဖြစ်ကြောင်း အစိုးရ သတင်းရင်းမြစ်နှစ်ရပ်အရ သိရပြီး အဆိုပါ ကိုယ်ပျောက်တိုက်လေယာဉ် ၃၅ စင်းကို ဂျာမနီနိုင်ငံအနေဖြင့် ဝယ်ယူရန် ရည်သန်ထားသည်ဟု သတင်းရင်းမြစ်တစ်ရပ်က ဆိုသည်။ 

ဂျာမနီနိုင်ငံသည် F-35 တိုက်လေယာဉ်များကို ဝယ်ယူရန် လိုလားဆန္ဒရှိနေသော်လည်း အဆုံးသတ် ဆုံးဖြတ်ချက်မချရသေးကြောင်းဖော်ဝါရီ အစောပိုင်း၌ ဂျာမနီ ကာကွယ်ရေးသတင်းရင်းမြစ်က ရိုက်တာသို့ ပြောဖူးသည်။ 

Tornado လေယာဉ်များသည် စစ်ပွဲဖြစ်လာခဲ့သည်ရှိသော ဂျာမနီ၌ သိမ်းဆည်းထားသည့် အမေရိကန်၏ နျူကလီးယားဗုံးများကို တင်ဆောင်နိုင်စွမ်းသည့် တစ်ခုတည်းသော ဂျာမနီပိုင် လေယာဉ်များဖြစ်သည်။ 

သို့ရာတွင် လေတပ်သည် ၁၉၈၀ ခုနှစ်များမှစကာ ယင်း လေယာဉ်များကို သုံးစွဲပျံသန်းနေခဲ့ရာမှ ၂၀၂၅ မှ ၂၀၃၀ ကြားတွင် အသုံးပြုခြင်းရပ်နားရန် ဂျာမနီနိုင်ငံက စီစဉ်လျက် ရှိခြင်း ဖြစ်သည်။ 

F-35 အား ဝယ်ယူခြင်းကြောင့် Boeing ကုမ္ပဏီအတွက် ထိုးနှက်ချက် ဖြစ်မည်ဖြစ်သည်။ Boeing ၏ F-18 တိုက်လေယာဉ်များကို Tornado လေယာဉ်များနေရာတွင် အစားထိုးရန် ယခင် ဂျာမနီကာကွယ်ရေးဝန်ကြီး Annegret Kramp-Karrenbauer က လိုလားခဲ့ခြင်း ဖြစ်သည်။ 

ယခု တိုက်လေယာဉ်များ ဝယ်ယူမည့် ဂျာမနီ၏ ဆုံးဖြတ်ချက်က ပြင်သစ်နိုင်ငံအတွက်လည်း စိတ်မချမ်းသာစရာ ဖြစ်လာစေနိုင်သည်။ ပြင်သစ်နိုင်ငံသည် ဂျာမနီနိုင်ငံ၏ F-18 သို့မဟုတ် ပို၍ခေတ်မီသော F-35 တိုက်လေယာဉ်များ ဝယ်ယူရေး စဉ်းစားချင့်ချိန်နေခြင်းကို စောင့်ကြည့်နေခြင်းလည်း ဖြစ်သည်။ ဝယ်ယူမှု သဘောတူညီချက်က ၂၀၄၀ ခုနှစ်များ၌ အကောင်အထည်ပေါ်လာနိုင်သည့် ပြင်သစ်-ဂျာမနီ ပူးပေါင်း တိုက်လေယာဉ်များ ထုတ်လုပ်ရေး လုပ်ငန်းစဉ်ကို ထိခိုက်မှုဖြစ်စေနိုင်သည်ဟု စိုးရိမ်ပူပန်ခြင်းပဲ ဖြစ်သည်။ 

ပြင်သစ်နှင့် ဆောင်ရွက်ဆဲ ပူးတွဲစီမံကိန်းကို ထောက်ခံမှုပြုကြောင်း ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ် ရှိုးလ်က လွန်ခဲ့သည့် သီတင်းနှစ်ပတ်က ပြောဖူးသည်။ 

ယင်းအချိန်က ဝန်ကြီးချုပ် ရှိုးလ်သည် Airbus က တည်ဆောက်သော Eurofighter ဂျက်လေယာဉ်များတွင် အီလက်ထရောနစ် စစ်လက်နက်များ တင်ဆောင်နိုင်စွမ်းရန် နောက်ထပ် ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required