ယူကရိန်း၌ ရုရှတပ်၏ ပစ်ခတ်မှုကြောင့် အမေရိကန်ဂျာနယ်လစ် သေဆုံး

ယူကရိန်း၌ ရုရှတပ်၏ ပစ်ခတ်မှုကြောင့် အမေရိကန်ဂျာနယ်လစ် သေဆုံး
Brent Renaud filming in Iraq in 2016.

မတ် ၁၄

ယူကရိန်းနိုင်ငံ မြို့တော် ကိယက်ဗ်၏ အပြင်ဘက် အာပင်မြို့တွင် ရုရှတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် အမေရိကန်ဂျာနယ်လစ်တစ်ဦး သေဆုံးခဲ့ပြီး အခြားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ယူကရိန်းရဲတပ်ဖွဲ့က မတ်လ ၁၃ ရက်တွင် ပြောသည်။ ၎င်းတို့သည် ဒုက္ခသည်များနှင့်ပတ်သက်ပြီး ရုပ်သံ ရိုက်ကူးရန် သွားလာနေခဲ့စဉ် ယခုဖြစ်ရပ်နှင့် ကြုံခဲ့ရခြင်းဖြစ်သည်။

ရုပ်သံရိုက်ကူးသူဖြစ်သည့် အသက် ၅၀ နှစ်အရွယ် ဘရန့် ရေးနော့ဒ်သည် ရုရှတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကိယက်ဗ် ဒေသဆိုင်ရာ ရဲတပ်ဖွဲ့အကြီးအကဲ အန်ဒရီ နက်ဘိုင်တော့ဗ်က ပြောသည်။

နက်ဘိုင်တော့ဗ်သည် ရေးနော့ဒ်၏ အသက်မဲ့ခန္ဓာဖြစ်သည် ဆိုသော ဓာတ်ပုံနှင့်အတူ ၎င်း၏ အမေရိကန် ပတ်စ်ပို့နှင့် နယူးယော့ခ်တိုင်းမ် သတင်းဌာနက ထုတ်ပေးထားသည့် မီဒီယာ သက်သေခံကတ်ပြားများတို့၏ ဓာတ်ပုံများကို ဖေ့ဘွတ်ခ်တွင် တင်ခဲ့သည်။

ရေးနော့ဒ်သည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က နယူးယော့ခ်တိုင်းမ်တွင် ပါဝင်လုပ်ကိုင်ခဲ့သည့် အရည်အချင်းရှိ ရုပ်သံရိုက်ကူးသူတစ်ဦး ဖြစ်ကြောင်း၊ သို့သော် လက်ရှိအချိန် ယူကရိန်း၌ မိမိတို့သတင်းဌာန၏ တာဝန်ပေးမှုဖြင့် ရှိနေခြင်းတော့ မဟုတ်ကြောင်း နယူးယော့ခ်တိုင်းမ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

ရေးနော့ဒ်သည် ကမ္ဘာလုံးဆိုင်ရာ ဒုက္ခသည် အကျပ်အတည်းအပေါ် အာရုံစိုက်သည့် TIME Studios ပရောဂျက်တစ်ခုအတွက် လုပ်ကိုင်ရန် ယင်းဒေသတွင် ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်ဟု TIME က တနင်္ဂနွေနေ့တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်အတည်ပြုသည်။

တိုက်ခိုက်ခံရမှုအတွင်း ရုပ်သံမှတ်တမ်းသတင်းရိုက်ကူးသူတစ်ဦးဖြစ်သည့် ဟွမ် အာရီဒွန်ဒိုလည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြည်တွင်း သတင်းများနှင့် ကိယက်ဗ်ရှိ အများပြည်သူဆိုင်ရာ ဆေးရုံတစ်ခုမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးတင်ခဲ့သည့် ဗီဒီယိုတစ်ခုအရ သိရသည်။

ဆေးရုံ၌ လူနာတင်စင်ပေါ်တွင် ရှိနေသည့် အာရီဒွန်ဒိုက ပြောကြားရာတွင် ၎င်းနှင့် ရေးနော့ဒ်တို့သည် ကိယက်ဗ်မှ ထွက်ခွာနေကြသူများကို ရုပ်သံရိုက်ကူးရန် သွားခဲ့ကြရာတွင် စစ်ဆေးရေးဂိတ်တစ်ခုကို ဖြတ်ကျော်ခဲ့ချိန် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ပြောသွားခဲ့သည်။

ရေးနော့ဒ် သေဆုံးမှုကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း တနင်္ဂနွေနေ့တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်အတည်ပြုခဲ့ပြီး ယင်းအနေဖြင့် ၎င်း၏ မိသားစုကို ပေးနိုင်သည့် အကူအညီအားလုံး ပံ့ပိုးပေးထားကြောင်း ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required