“ အင်န်အယ်လ်ဒီ အစိုးရ အဖွဲ့သစ်အတွက် စဉ်းစားဖို့လိုမယ့် အချက်တွေ”

“ အင်န်အယ်လ်ဒီ အစိုးရ အဖွဲ့သစ်အတွက် စဉ်းစားဖို့လိုမယ့် အချက်တွေ”

အားလုံးသိကြပြီ ဖြစ်တဲ့အတိုင်း လာမယ့် ဖေဖေါ်ဝါရီ ၁ ရက်နေ့ဆို လွှတ်တော်သစ်တွေကို စပြီး ခေါ်ပါတော့မယ်။ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လွှမ်းမိုးထားတဲ့ လွှတ်တော်တွေဖြစ် ပြီးနှစ်ပေါင်း ၅၀ ကျော်မှ တစ်ကြိမ်ကြုံရတဲ့ သမိုင်းဝင် အခြေအနေမျိုးလည်း ဖြစ်ပါတယ်။ အဲဒီ လွှတ်တော်တွေကနေ နိုင်ငံရဲ့ အထွဋ်အထိပ် သမ္မတတစ်ယောက် ရွေးကောက်တင်မြှောက်ပြီး သမ္မတ ကနေ ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ ဖွဲ့စည်းပါမယ်။ နောက် တိုင်းနယ်ပြည်နယ် ဝန်ကြီးချုပ် အသီး သီးကို ခန့်အပ်ပြီး တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့တွေ ဖွဲ့စည်းကြပါမယ်။ ဒီလို အစိုးရအဖွဲ့ အသီးသီး ဖွဲ့စည်းမယ့်ကိစ္စ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီမှာ စဉ်းစားထားပြီးသားတွေ ရှိနေနှင့်ပြီး ဖြစ်သလို၊ အကြံပေးပုဂ္ဂိုလ်တွေလည်း အများကြီး ရှိနေမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် စဉ်းစားစရာ အချက် အလက် များများရလေ ဆုံးဖြတ်ချက် ပိုကောင်းလေ၊ တိုင်းပြည်နဲ့ ပြည်သူတွေအတွက် ပိုအကျိုးရှိလေ ဖြစ်နိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အစိုးရဖွဲ့ဖို့ ဘာတွေ ထည့်သွင်းစဉ်းစားသင့် သလဲဆိုတာ ဒီကနေ့ ဆွေးနွေးကြည့်ကြရအောင်။

ပထမဦးဆုံး အရေးကြီးတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနေအထားပါ။ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်ရဲ့ အထွဋ်အထိပ် သမ္မတတာဝန် ယူလို့မရပါဘူး။ အားလုံးသိကြပြီဖြစ်တဲ့အတိုင်း နာမည် ကျော် ပုဒ်မ ၅၉(စ) ရှိနေလို့ပါ။ ဒီအတွက် သမ္မတဖြစ်ရေး၊ ပုဒ်မ ၅၉(စ) ကို အရင်ပြင်ဖို့ ကြိုးစားမလား၊ ဒီကိစ္စ နောင်မှ ကြိုးစားမလား စဉ်းစားဖို့ လိုပါတယ်။

လောလောဆယ် အခြေအနေဟာ ၂၀၀၈ ဖွဲ့စည်းပုံ ဘောင်ထဲကနေ ရွေးကောက်ပွဲဝင်၊ အနိုင်ရလာတာမို့ ၂၀၀၈ ဖွဲ့စည်းပုံ ဘောင်ထဲကနေပဲ အာဏာရယူရေး လုပ်ကိုင်ဆောင်ရွက်သင့်ပါတယ်။ ဒီ ပြသနာဟာ သိပ်ပြီး ရှုတ်ရှုတ်ထွေးထွေး မရှိပါ ဘူး။ လက်ရှိ အနေအထားအရ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာဟာ အင်န်အယ်လ်ဒီ နဲ့ တပ်မတော် စစ်ခေါင်းဆောင်တွေ သဘောတူရင် ဘာအချက် ကိုမဆို ပြင်နိုင်ပါတယ်။ ဖြည့်စွက်နိုင်ပါတယ်။ အသစ် တောင် ပြန်ရေးနိုင်ပါတယ်။ တိုင်းပြည် တာဝန် ထမ်းဆောင်ရင်း နောက်ပိုင်း တပ်မတော် စစ်ခေါင်း ဆောင်တွေကို ဒေါ်အောင်ဆန်းစုကြည်က စည်းရုံးနိုင်ရင် အလွယ်တကူ သမ္မတ ဖြစ်နိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်အချိန် အစိုးရအဖွဲ့ကို စီမံကွပ်ကဲမယ်လို့ ပြောဆိုထား ပြီးပါပြီ။ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နောက်ထပ် အရေးတကြီး တာဝန်တစ်ခု ရှိပါသေး တယ်။ ဒါကတော့ တိုင်းပြည်ရဲ့ အရေးအရာ ကိစ္စ အ၀၀ အတွက် တပ်မတော် စစ်ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံ၊ စကားပြောနေ ဖို့ပါ။ အဲလို ထိတွေ့ ဆက်ဆံ စကားပြောနေဖို့ဆိုရင် အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ ပါဝင်ဖို့ လိုပါတယ်။ သမ္မတ၊ ဒုသမ္မတ လုပ်ခွင့်မရ၊ လွှတ်တော် ဥက္ကဌ တာဝန်လည်း မယူဘူးဆိုရင် အဲဒီ ကာလုံထဲသွားဖို့ ဒေါ်စုဟာ နိုင်ငံခြားရေး ဝန်ကြီးတာဝန် ယူထားမှ ဖြစ်နိုင်ပါလိမ့်မယ်။ လက်ရှိ ဖွဲ့စည်းပုံအရ သမ္မတဟာ ဝန်ကြီးဌာနတွေကို စိတ်ကြိုက် ဖွဲ့စည်းနိုင်၊ ဝန်ကြီးတွေကို စိတ်ကြိုက် ခန့်အပ်နိုင်တဲ့အတွက် ဒေါ်စုအတွက် ဝန်ကြီးအားလုံးကို ကွပ်ကဲရတဲ့ တာဝန်ယူရတာ ဘာမှ အခက်အခဲရှိမှာ မဟုတ်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည် တကယ် ခက်ခက်ခဲခဲ ဆုံးဖြတ်ရမှာက သူ့အနေနဲ့ အစိုးရအဖွဲ့ဘက် အခြမ်းမှာ တာဝန်ယူလိုက်ပြီဆိုရင် ပါတီကို ဘယ်သူ့ကို ဘယ်လို အပ်ခဲ့မလဲ ဆိုတာပါ။ ဖွဲ့စည်းပုံအ ခြေခံ ဥပဒေမှာ အစိုးရလုပ်မယ့် သမ္မတတို့ ဝန်ကြီးတို့အားလုံးကို သူ့ပါတီနဲ့ အဆက်ဖြတ်ဖို့ ပြဌာန်း ထားလို့ပါ။ ဒီ အချက်ကြောင့်ပဲ ပြည်ခိုင်ဖြိုးပါတီကြီးဟာ ဦးသိန်းစိန်အုပ်စု၊ သူရဦးရွှေမန်း အုပ်စု နှစ်ခြမ်း ဗြမ်းဗြမ်းကြီး ကွဲသွားခဲ့တာ ခုချိန်ထိ ပြန်တည်လို့ မရနိုင်သေးပါဘူး။

အင်န်အယ်လ်ဒီ ခေါင်းဆောင်တွေ ပြောပြောနေတဲ့ ဝန်ကြီးဌာနတွေကို လျော့ပစ်မယ်၊ ဝန်ကြီး အရည်အတွက် လျော့ချမယ် ဆိုတာကိုလည်း အသေအခြာ ပြန်တွက်ချက်ဖို့ လိုပါတယ်။ အခု အစိုးရ ဖွဲ့ပြီးရင် အင်န်အယ်လ်ဒီက ခန့်မယ့် ဝန်ကြီး၊ ဒုဝန်ကြီး အရည်အတွက်ဟာ နည်းနည်းလေးပါ။ ဝန်ကြီး ဌာန အသီးသီးမှာ အတွင်းဝန်ကစ ခေါက်ရိုးကျိုးနေတဲ့၊ မာယာပရိယာယ် ကြွယ်ဝလှတဲ့ စစ်ဗျူရိုကရက် တွေ အလုံးအရင်းနဲ့ ထုနဲ့ ထည်နဲ့ ရှိနေပါတယ်။ ဒီလို အခြေအနေမှာ ဝန်ကြီးဌာန အရည်အတွက် လျော့ချပြီး အင်န်အယ်လ်ဒီ က ခန့်အပ်သူတွေ နည်းနည်းလေးပဲ သွားဦးဆောင်ရင် လုပ်ငန်းဆောင်တာ အရာရာမှာ အောင်မြင်မှု ရမလား၊ အဆင်ပြေမလား စဉ်းစားဖို့ လိုပါတယ်။

လတ်တလော အစိုးရအဖွဲ့ ထိပ်ပိုင်းကို ခေါင်းဆောင်တွေ အနေနဲ့ အရည်အတွက် များများ၊ အင်အားကောင်းကောင်းနဲ့ ဝင်၊ နောင် နေသားကျလာပြီ အစိုးရ ဌာနဆိုင်ရာတွေကို ထိန်းကျောင်း၊ ကိုင်တွယ် လာနိုင်ပြီ ဆိုမှ ဝန်ကြီးဌာနတွေ လျော့ချတာ လုပ်ရင် ပိုပြီး ကောင်းမကောင်း ပြန်သုံးသပ်ဖို့ လိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြောဆိုထားဖူးတဲ့ အစိုးရပိုင် မီဒီယာတွေကို ပြန်သုံးသပ် မယ့်ကိစ္စ အသေအခြာ ပြန်စဉ်းစားဖို့ လိုပါတယ်။ အစိုးရ သတင်းစာ ထုတ်ဝေနေတာကို ချက်ခြင်း ပြန်ရုပ်သိမ်း သင့်မသင့် အသေအခြာ ဆွေးနွေး တိုင်ပင်သင့်ပါတယ်။ အကြောင်းကတော့ မြန်မာနိုင် ငံမှာ မီဒီယာလုပ်ငန်းဟာ ပုံမှန် ဖွံ့ဖြိုးတိုးတက်မှု မရှိသေးပါဘူး။ လူဆိုးဂိုဏ်းလို မီဒီယာတွေကလည်း ရှိနေပါသေး တယ်။ ဒီလို အခြေအနေမှာ မီဒီယာ လောက ကောင်းတဲ့ဘက်ကို ဖွံ့ဖြိုးတိုးတက်အောင် အင်န်အယ်လ်ဒီ အစိုးရအဖွဲ့က ကူညီဖို့ လိုပါဦးမယ်။ ဒီအတွက် အစိုးရပိုင် သတင်းစာတွေ၊ ရုပ်သံတွေ ကို ကာလ အပိုင်းအခြား တစ်ခု လွတ်လပ်တဲ့ ဘုတ်အဖွဲ့အောက်မှာ လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့် ပြုပေးတာမျိုးကို စံပြ အနေနဲ့ စမ်းသပ် လုပ်ကိုင်စေတာမျိုး လုပ်သင့်ပါတယ်။ အင်န်အယ်လ်ဒီ အစိုးရ က မီဒီယာ လွတ်လပ်ခွင့်ကိုပေး၊ နောင် တဖြေးဖြေး မြန်မာ့မီဒီယာ နယ်ပယ် တိုးတက်ဖွံ့ဖြိုးလာရင်၊ လွတ်လပ်ခွင့်ကို ပိုပြီး ကျင့်သုံးတတ်လာရင်၊ ပိုပြီး ရင့်ကျက်လာရင်၊ လူဆိုးဂိုဏ်းမီဒီယာတွေက ဗိုလ်ကျတာမျိုး မရှိတော့ရင် အစိုးရ သတင်းစာ ထုတ်ဝေတဲ့ လုပ်ငန်း ရပ်ဆိုင်းပစ်လိုက်နိုင်ပါတယ်။

အင်န်အယ်လ်ဒီက အစိုးရ ဖွဲ့တဲ့အခါ ဒီလို ဒီလို အချက်တွေကို ထည့်သွင်းစဉ်းစားသင့်ပါ ကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly