ပြည်သူများအတွက် ဥပဒေပြုရေး မဏ္ဍိုင် ကြံ့ခိုင်ပေးပါ

ပြည်သူများအတွက် ဥပဒေပြုရေး မဏ္ဍိုင် ကြံ့ခိုင်ပေးပါ

အင်န်အယ်လ်ဒီ ဦးဆောင်မည့် လွှတ်တော်သစ်သည် လာမည့် ဖေဖော်ဝါရီ ၁ တွင် စတင်တော့ မည်ဖြစ်သည်။ ယခုအခါ လွှတ်တော်ဥက္ကဋ္ဌသစ်များ မည်သူဖြစ်နိုင်သည်ကို ထွက်ပေါ်နေသော သတင်းများ အရ သဲကွဲလာခဲ့ပြီ ဖြစ်သည်။ အင်န်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းမြင့်သည် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ အင်န်အယ်လ်ဒီပါတီ ကိုယ်စားပြုပြီး အမျိုးသားလွှတ်တော် အတွက် ဝင်ရောက် ရွေးချယ်ခံ၍ အနိုင်ရခဲ့သူ ဦးဝင်းခိုင်သန်းသည် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် လည်းကောင်း ပါတီ၏ ရွေးချယ်ခြင်း ခံခဲ့ရသည်။ လွှတ်တော်အသီးသီးတွင် အမည်စာရင်း တင်သွင်းခံ ရပြီးနောက် လွှတ်တော်က အတည်ပြုလိုက်ပါက လွှတ်တော် ဥက္ကဋ္ဌများ ဖြစ်လာမည် ဖြစ်သည်။

ဦးဝင်းမြင့်သည် လည်းကောင်း၊ ဦးဝင်းခိုင်သန်းသည် လည်းကောင်း ဥပဒေဆိုင်ရာ နားလည် သူများ (ဝါ) တရားလွှတ်တော် ရှေ့နေများဖြစ်ပြီး ရိုးသားကြိုးစား ဥပဒေသမားများက ဥပဒေပြုမဏ္ဍိုင် ကို ပဲ့ကိုင် ဦးဆောင်မည် ဖြစ်သည့်အတွက် အားတက်ဖွယ် အလားအလာများ တွေ့နေရသည်။ ဥပဒေ ပြုမဏ္ဍိုင်ကို ပြည်သူများကိုယ်တိုင် ရွေးချယ်ထားသော ပြည်သူ့ကိုယ်စားလှယ်များက ဦးဆောင်သွား ကြမည်ဖြစ် သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီသည် တောင်ပြိုကမ်းပြို အနိုင်ရခဲ့သဖြင့် လွှတ်တော်များသည် အင်န်အယ်လ်ဒီ ဦးဆောင်သည့် လွှတ်တော်များ ဖြစ်လာမည် ဖြစ်သည်။

လွှတ်တော်၏ ပင်မအလုပ်မှာ ပြည်သူအများစုအတွက် အကျိုးရှိမည့် ဥပဒေများကို ရေးဆွဲပြ ဋ္ဌာန်းခြင်းပင် ဖြစ်သည်။ လွှတ်တော်နှစ်ရပ် ပေါင်းစုထားသော ပြည်ထောင်စုလွှတ်တော်သည် တိုင်းပြည်အတွက် လိုအပ်သော ဥပဒေများနှင့် ပြည်သူများအတွက် လိုအပ်သော ဥပဒေများကို ရေးဆွဲ၊ ငြင်းခုံ၊ ဆွေးနွေးပြီးနောက် အတည်ပြု ပြဋ္ဌာန်းပေးကြမည် ဖြစ်သည်။ ၎င်းအပြင် အစိုးရ၏ လုပ်ဆောင်ချက်များ ကိုလည်း စောင့်ကြည့် ဝေဖန်ခြင်းများကို ဆောင်ရွက်ကြရပေမည်။ သို့သော် လွှတ်တော်နှင့် အစိုးရသည် အင်န်အယ်လ်ဒီကချည်း ထိန်းချုပ်ထားမည်ဖြစ်ရာ အပြန်အလှန် ထိန်းကျောင်းခြင်းထက် လွှတ်တော်နှင့် အစိုးရတို့က တိုင်းပြည်နှင့် လူထုအကျိုးရည်ပြီး ပူးတွဲ လုပ်ဆောင်နိုင်ရေး အရေးကြီးသည်။

မြန်မာနိုင်ငံတွင် ကိုလိုနီခေတ်ကတည်းက ပြဋ္ဌာန်းထားသော ဥပဒေများ၊ စစ်အစိုးရ အဆက် ဆက် လက်ထက်တွင် ပြဋ္ဌာန်းခဲ့သော ဥပဒေများ၊ ပြည်ခိုင်ဖြိုး လွှမ်းမိုးသော လွှတ်တော်လက်ထက်က ပြဋ္ဌာန်း ခဲ့သော ဥပဒေအများကား ရှိနှင့်ပြီး ဖြစ်သည်။ ယင်းတည်ဆဲဥပဒေများတွင်လည်း ကျောင်းသား လူငယ်နှင့် ပြည်သူအများစုအတွက် ကောင်းကျိုးမပေးသော၊ ဖိနှိပ်ထားသော၊ မမျှတသော၊ တစ်ဖက် သတ်ဆန်ဆန် ရေးဆွဲပြဋ္ဌာန်းထားသော ဥပဒေပေါင်းများစွာ ရှိနေကြောင်း ဥပဒေပညာရှင်များ၊ အခွင့်အရေး လှုပ်ရှားသူများနှင့် မီဒီယာသမားများက အမြဲလိုလို ဟောပြော၊ ရေးသား၊ ထောက်ပြ ခဲ့ကြပြီး ဖြစ်သည်။

ယင်းကဲ့သို့ မမျှတသော၊ ဖိနှိပ်သော၊ တစ်ဖက်သတ်ဆန်သော ဥပဒေများကို ပြင်ဆင်ရန်၊ ဖျက်သိမ်းပစ်ရန်နှင့် အစားထိုးရန်သည် လာမည့်လွှတ်တော်တွင် များစွာ တာဝန်ရှိပေသည်။ ထိုနည်း တူစွာ ခေတ်မီပြီး ခေတ်နှင့်အညီ ပြဋ္ဌာန်းရမည့် ဥပဒေသစ်များသည်လည်း များစွာ လိုအပ်လာမည် ဖြစ်သည်။ ပြည်ထောင်စုအဆင့် လွှတ်တော်များကို ထိန်းကျောင်း မောင်းနှင်ကြဖွယ်ရှိသည့် ဦးဝင်းမြင့် နှင့် ဦးဝင်းခိုင်သန်းတို့သည် အဆိုပါတာဝန်များကို ကျေပွန်စွာ ပဲ့ကိုင် ဦးစီး လမ်းပြကာ ထမ်းဆောင်ကြ ရပေလိမ့်မည်။

ပြည်သူများ မလိုလား၊ လက်မခံဘဲ စစ်အာဏာရှင်များ စိတ်ကြိုက် အချိန်ယူ ရေးဆွဲ အတည် ပြုခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အထိုင်ပေါ်က ကျင်းပခဲ့သော ၂၀၁၀ အထွေထွေရွေး ကောက်ပွဲအရ ပထမအကြိမ် လွှတ်တော်များကို ပြည်သူများသည် မြည်းစမ်းခဲ့ကြပြီး ဖြစ်သည်။ နှစ်ပေါင်း ၅၀ အတွင်းမှ ပြန်လည် ပေါ်ပေါက်ခဲ့သော ပထမအကြိမ် လွှတ်တော်များကို ဟန်ပြသာ ဖြစ်လိမ့်မည်ဟု သတ်မှတ်ထားခဲ့သော်လည်း ဗိုလ်ချုပ်ဟောင်းများဖြစ်သည့် သူရဦးရွှေမန်းနှင့် ဦးခင်အောင်မြင့်တို့ ဦးဆောင်ခဲ့သည့် ယင်းလွှတ်တော်များမှာ နာမည်ခံသက်သက်မျှသာ မဟုတ်ဘဲ ထိုက်သင့်သလောက် လွှတ်တော်ပီပီ ဆောင်ရွက်ခဲ့ကြပါသည်။

ဦးဝင်းမြင့်နှင့် ဦးဝင်းခိုင်သန်းတို့ ဦးဆောင်ကြဖွယ်ရှိသည့် အင်န်အယ်လ်ဒီ လွှတ်တော်များ သည်ကား တိုင်းပြည်အကျိုး၊ ပြည်သူ့အကျိုးကို ကောင်းစွာ စီမံခန့်ခွဲနိုင်ကြမည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များ ဖြစ်ကြပါမည့်အကြောင်းနှင့် ပထမအကြိမ် လွှတ်တော်များထက် စွာသော ထက်သော လျှင်သော မြန်သော ကောင်းသော ဖြောင့်သော ဒုတိယအကြိမ် လွှတ်တော်များ ဖြစ်ကြ ပါမည့်အကြောင်း မဇ္ဈိမက တိုက်တွန်းသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly