အင်ဒိုနီးရှားတွင် ပထမဆုံး အမြန်ရထားလမ်း စတင်တည်ဆောက်

အင်ဒိုနီးရှားတွင် ပထမဆုံး အမြန်ရထားလမ်း စတင်တည်ဆောက်

ဂျကာတာ၊ ဇန်နဝါရီ ၂၁ ။          ။ အင်ဒိုနီးရှားနိုင်ငံ၏ ပထမဆုံး အမြန်ရထားလမ်း ဆောက်လုပ်ရေးကို ဇန်နဝါရီ ၂၁ ရက်တွင် စတင်ကာ တည်ဆောက်ပြီဖြစ်သည်။

အရှည် ၁၄၂ ကီလိုမီတာရှိမည့် အမြန်ရထားလမ်းကို မြို့တော်ဂျကာတာနှင့် အနောက်ဂျဗားရှိ ဘန်ဒေါင်းကြား ဖောက်လုပ်ခြင်းဖြစ်သည်။ အမေရိကန်ဒေါ်လာ ငါး ဘီလီယံကုန်ကျခံကာ အင်ဒိုနီးရှားနိုင်ငံပိုင်ကုမ္ပဏီခြောက်ခုနှင့် China Railway တို့ အကျိုးတူပူးပေါင်းကာ တည်ဆောက်ခြင်းဖြစ်သည်။

အနောက်ဘန်ဒေါင်းရှိ စီကာလွန်ဝီတန်တွင် ရထားလမ်းစီမံကိန်း၏ မြေပန္ဒက်ချ အခမ်းအနားသို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီကိုယ်တိုင် တက်ရောက်ခဲ့သည်။

"အလာဟ်ဘုရားသခင် ကောင်းချီးပေးပါစေ။ ယနေ့က ဂျကာတာ-ဘန်ဒေါင်း အမြန်ရထားလမ်းကို တည်ဆောက်ရေး စတင်တဲ့ နေ့ပါပဲ။ ဒီရထားတည်ဆောက်ရေးဟာ အင်ဒိုနီးရှားအစိုးရနဲ့ တရုတ်နိုင်ငံတို့ရဲ့ ကြီးကျယ်တဲ့ ပူးပေါင်းမှုတစ်ရပ်လည်းဖြစ်ပါတယ်။"ဟု သမ္မတ ဂျိုကိုဝီက ပြောခဲ့သည်။

"ဖွံ့ဖြိုးမှုများကို အကျိုးရှိရှိနဲ့ အမြန်ဖော်ဆောင်နိုင်တဲ့ နိုင်ငံတစ်နိုင်ငံက ကမ္ဘာ့နိုင်ငံများကြားမှာ ယှဉ်ပြိုင်အောင်မြင်မှုများ ရရှိလာမှာပဲဖြစ်ပါတယ်။"ဟု သမ္မတက ဖြည့်စွက်ပြောသည်။

၂၀၁၈ တွင် ပြီးစီးပြီး ၂၀၁၉ တွင် စတင်ပြေးဆွဲနိုင်မည့် ယင်းအမြန်ရထားလမ်းစနစ်သည် တစ်နာရီလျှင် ကီလိုမီတာ ၃၅၀ ခုတ်မောင်းနိုင်မည်ဖြစ်သည်။

ယခုရထားလမ်းစီမံကိန်းအတွက် တည်ဆောက်ခွင့်ရရေးကို ပြီးခဲ့သည့်နှစ်က ဂျပန်နှင့် တရုတ်နိုင်ငံတို့ အပြင်းအထန် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံက အကျိုးတူပူးပေါင်းဆောင်ရွက်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly