တမူးမြို့၌ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သား အသတ်ခံရ

တမူးမြို့၌ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သား အသတ်ခံရ

မတ် ၁၃

စစ်ကိုင်းတိုင်း ၊ တမူးမြို့၌ စစ်ကောင်စီ လက်အောက် တာဝန် ထမ်းဆောင်နေသည့် ရဲတပ်သား တစ်ဦး ယမန်နေ့ မတ်လ ၁၂ ရက်နေ့တွင် အသတ် ခံရသည်။

သေဆုံးသူမှာ တမူးမြို့မ ရဲစခန်းတွင် တာဝန် ထမ်းဆောင်နေသော ရဲတပ်သား မျိုးမြင့်ဆွေ ဖြစ်ပြီး မြို့မ (၁၃) ရပ်ကွက် အတွင်းရှိ ချောင်းနံဘေး၌ နံနက် ၉ နာရီ ဝန်းကျင်တွင် အသတ် ခံခဲ့ရခြင်း ဖြစ်သည်။

“ကျွန်တော်တို့ အဖွဲ့ အနေနဲ့ ပြည်သူဘက်က မနေဘဲ စစ်ကောင်စီ ယန္တရား လည်ပတ်အောင် လုပ်နေတဲ့ ဒေါက်တိုင် မှန်သမျှကို ခြေဖျက်သွားမှာ ဖြစ်တယ်” ဟု အဆိုပါ ရဲတပ်သားကို သတ်ခဲ့သည့် Fighter Police CDM (Tamu) အဖွဲ့၏ ခေါင်းဆောင် ဒီမိုထူးက ပြောသည်။

ရဲတပ်သားနှင့်အတူ ပါလာသော FZ ဆိုင်ကယ် တစ်စီးနှင့် ဓါးတစ်ချောင်းလည်း သိမ်းဆည်း ခဲ့သည်ဟု ဆိုသည်။ Non CDM ဝန်ထမ်းများ စစ်အာဏာရှင် လက်အောက်မှ အမြန်ဆုံး ရုန်းထွက်၍ CDM ပြုလုပ်စေလိုကြောင်းလည်း ပြောသည်။

ပြည်သူများ အနေဖြင့် Fighter Police CDM (Tamu) ကို စစ်ကောင်စီ ဒေါက်တိုင်များ နှင့် နောက်လိုက် လက်ပါးစေများ၏ သတင်းအချက်အလက်များ ဆက်သွယ်ပေးပို့ခြင်း အားဖြင့် ကူညီ စေလိုသည်ဟုလည်း ဆိုသည်။

Fighter Police CDM (Tamu) သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာ သိမ်းပြီးနောက် တမူးမြို့နယ်ရှိ ရဲ CDM ဝန်ထမ်းများနှင့် ပူးပေါင်း ဖွဲ့စည်းထားသော အဖွဲ့ ဖြစ်သည်။

#Mizzima

#တမူးမြို့

#ရဲတပ်သား

#အသတ်ခံရ

#FighterPoliceCDMTamu

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly