အိန္ဒိယ၏ ဒုံးကျည် ‘မတော်တဆ’ ပစ်မိမှုကိစ္စအပေါ် ပူးပေါင်းစုံစမ်းစစ်ဆေးမှု လုပ်ဆောင်ရေး ပါကစ္စတန် တောင်းဆို

အိန္ဒိယ၏ ဒုံးကျည် ‘မတော်တဆ’ ပစ်မိမှုကိစ္စအပေါ် ပူးပေါင်းစုံစမ်းစစ်ဆေးမှု လုပ်ဆောင်ရေး ပါကစ္စတန် တောင်းဆို

မတ် ၁၃

ပါကစ္စတန်နိုင်ငံ၏ နယ်နိမိတ်ထဲသို့ ဒုံးကျည် မတော်တဆ ပစ်ခတ်မိခဲ့ကြောင်း အိန္ဒိယက ပြောဆိုခဲ့ပြီးနောက် ထိုကိစ္စရပ်အပေါ် ပူးပေါင်း စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဆောင်သွားရေး ပါကစ္စတန်က မတ်လ ၁၂ ရက်တွင် တောင်းဆိုလိုက်သည်။

ထို ဒုံးကျည် မတော်တဆ ပစ်ခတ်မိမှုဖြစ်စဉ်အပေါ် ပြည်တွင်း စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်မည့် အိန္ဒိယ၏ ဆုံးဖြတ်ချက်ကို ပါကစ္စတန်က ပယ်ချခဲ့ပြီး ယခုကိစ္စတွင် နိုင်ငံတကာအသိုင်းအဝိုင်းကပါ ပူးပေါင်းပါဝင်ပေးရန် တောင်းဆိုခဲ့သည်။

“ဒီလိုမျိုး ကြီးလေးတဲ့ ကိစ္စရပ်တစ်ခုကို အိန္ဒိယအာဏာပိုင်တွေဘက်က ပေးခဲ့တဲ့ လွယ်သယောင် ပြုထားတဲ့ ဖြေရှင်းချက်တစ်ခုနဲ့ပဲ ကိုင်တွယ်ဖြေရှင်းလို့ မရနိုင်ပါဘူး” ဟု ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်စောင်တွင် ပြောသည်။

“ဖြစ်စဉ်နဲ့ပတ်သက်တဲ့ တကယ့် ဖြစ်ရပ်မှန်ကို အတိအကျ ဖော်ထုတ်နိုင်အောင် ပူးပေါင်း စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဖို့ ပါကစ္စတန်ဘက်က တောင်းဆိုတယ်” ဟု ယင်းက ပြောသည်။

ယခုအပတ်ထဲ ပါကစ္စတန်ဘက်ခြမ်းသို့ ဒုံးကျည်တစ်ခု မတော်တဆ ပစ်ခတ်မိခဲ့သည်ဟု အိန္ဒိယက ပြီးခဲ့သည့် သောကြာနေ့က ပြောသည်။ ပုံမှန် လုပ်ရိုးလုပ်စဉ် ပြုပြင်ထိန်းသိမ်းမှု လုပ်ခဲ့စဉ် “နည်းပညာ ချွတ်ယွင်းမှု” တစ်ခုကြောင့် ယင်းကဲ့သို့ ဒုံးကျည်က ပါကစ္စတန်နယ်နိမိတ်ထဲ မတော်တဆ ကျသွားခြင်း ဖြစ်သည်ဟု အိန္ဒိယက ပြောသည်။ “မကောင်းသည့် အကျိုးဆက်များ” နှင့် ပတ်သက်ပြီး ပါကစ္စတန်က နယူးဒေလီကို သတိပေးပြီးနောက် အိန္ဒိယဘက်က ဖြစ်စဉ်နှင့်ပတ်သက်ပြီး ယင်း၏ ဖြေရှင်းချက်တစ်ခုကို ပေးခဲ့ခြင်း ဖြစ်သည်။

နျူကလီးယားလက်နက်ရှိ ဝန်းကျင်တစ်ခု၌ တည်ငြိမ်မှုကို အားပေးထိန်းသိမ်းရန်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က အခန်း ကဏ္ဍတစ်ခုကနေ ပါဝင်ရလိမ့်မည် ဖြစ်သည်ဟု ပါကစ္စတန် နိုင်ငံခြားရေးရုံး၏ ထုတ်ပြန်ချက်တွင် ပြောသည်။ ထို့ပြင် တစ်ဖက်ဘက်မှ အဓိပ္ပါယ်ကောက်လွဲသွားပါက ပဋိပက္ခတစ်ခုဆီ ဦးတည်သွားနိုင်သည်ဖြစ်သလို “ဆိုးရွားသည့် အကျိုးဆက်များ” နှင့်ပတ်သက်ပြီး ပါကစ္စတန်က သတိပေးခဲ့သည်။

စစ်ပွဲ သုံးကြိမ် တိုက်ထားသလို အများအားဖြင့် ကက်ရှ်မီးယားဒေသ နယ်မြေ အငြင်းပွားမှုနှင့်ပတ်သက်ပြီး အသေးစား လက်နက်ကိုင် တိုက်ပွဲများ ဖြစ်ထားခဲ့သည့် နျူကလီးယားလက်နက်ပိုင် အိမ်နီးချင်းနှစ်နိုင်ငံအတွက် မတော်တဆမှုများ သို့မဟုတ် အတွက်အချက်မှားခြင်းတို့၏ အန္တရာယ်အပေါ် ပြီးခဲ့သည့်ကာလများအတွင်း စစ်ဘက်ကျွမ်းကျင်သူများက သတိပေးထားခဲ့သည်။

မကြာသေးသည့် လများအတွင်း တင်းမာမှုများပြေလျော့ထားခဲ့ချိန် ယခုပေါ်ပေါက်သည့် ဒုံးကျည် မတော်တဆမှုကိစ္စက ဘေးကင်းမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်ပြီး မေးခွန်းများကို ထွက်ပေါ်စေခဲ့သည်။

ဒုံးကျည် မတော်တဆ ပစ်မိမှုများ မဖြစ်စေရေး တားဆီးကာကွယ်ရေးဆိုင်ရာ ဘေးကင်းလုံခြုံမှု လုပ်ထုံးလုပ်နည်းများအပြင် ယင်းကို စစ်တပ်ဘက်က လျော်ကန်စွာ ကိုင်တွယ်ခဲ့သလား ဆိုသည်နှင့်ပတ်သက်ပြီး အိန္ဒိယဘက်မှ ဖြေရှင်းချက် ပေးရေး ပါကစ္စတန်က တောင်းဆိုထားသည်။

အမေရိကန်အခြေစိုက် လက်နက်ထိန်းချုပ်ရေးအဖွဲ့၏ အဆိုအရ ယင်းဒုံးကျည်၏ သွားနိုင်သည့် အကွာအဝေးမှာ ကီလိုမီတာ ၃၀၀ (၁၈၆ မိုင်) နှင့် ကီလိုမီတာ ၅၀၀ (မိုင် ၃၁၀) အကြား ဖြစ်ကြောင်းနှင့် ယင်းသည် အိန္ဒိယမြောက်ပိုင်း ဒုံးပစ်စင်တစ်ခုကနေ ပါကစ္စတန်မြို့တော်သို့ ရောက်သွားနိုင်စွမ်း ရှိသည့် အကွာအဝေးဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required