ပါကစ္စတန်-အာဖဂန်နစ္စတန် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ ကျဆင်း

ပါကစ္စတန်-အာဖဂန်နစ္စတန် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ ကျဆင်း

ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏသည် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံကနေ ဒေါ်လာ ၁ ဘီလီယံကို ကျဆင်းသွားခဲ့ပြီး ယင်းကဲ့သို့ ကျဆင်းမှုနှင့်ပတ်သက်သည့် ကြီးလေးသည့် စိုးရိမ်ပူပန်မှုများကို နှစ်နိုင်ငံ ကုန်သည်စက်မှု ပူးတွဲအသင်း၏ အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားသည်။

“ကုန်သွယ်ရေးနဲ့ လိုက်ဖက်တဲ့ မူဝါဒတွေ မရှိတာ၊ သင့်တော်တဲ့ ကုန်စည်ဖလှယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ မရှိတာ၊ ထိရောက်မှု ရှိပြီး လက်တွေ့ကျတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဖက်စပ်လုပ်ငန်းဆိုင်ရာ မူဝါဒတွေ မရှိတာ၊ ဖက်ဒရယ် စုံစမ်းစစ်ဆေးရေး အေဂျင်စီနဲ့ ဖက်ဒရယ် အခွန်ဘုတ်အဖွဲ့တို့ထံမှ မလိုအပ်ဘဲ ဖိအားပေးမှုနဲ့ အရေးယူမှုတွေ ရှိတာ တို့က နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏကို လျော့ကျစေတဲ့ အဓိက အချက်တွေ ဖြစ်ပါတယ်” ဟု ဖေဖေါ်ဝါရီ ၂၆ ရက်က အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုအစီရင်ခံစာကို ပါကစ္စတန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ အေဆက်ဒ် ကိုင်ဆာ ဦးဆောင်သည့် အာဖဂန်ဆိုင်ရာ ကော်မတီတစ်ခုထံ တင်သွင်းခဲ့သည်ဟု သိရသည်။

အာဖဂန်နစ္စတန်တွင် လုပ်ငန်းလည်ပတ်လျက်ရှိသော ဘဏ်လုပ်ငန်းဆိုင်ရာ ဖွဲ့စည်းတည်ဆောက်မှုတစ်ခု မရှိခြင်းကြောင့် ဘဏ်များသည် ကြားခံအဖွဲ့အစည်းမှတစ်ဆင့် ငွေပေးချေမှုများကို ဆောင်ရွက်ရန် ငြင်းဆန်

ထားခဲ့သည့်အတွက် နိုင်ငံတကာဆိုင်ရာ အရောင်းအဝယ်လုပ်ငန်းကိစ္စများကို အဟန့်အတားဖြစ်စေခဲ့ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြသည်။

ထို့ပြင် အခွန်အကောက်များ သတ်မှတ်ခြင်း၊ ငွေရေးကြေးရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ အခွန်နှစ်ဆ ကောက်ခံမှု၊ နှစ်ဘက် အစိုးရအသီးသီးမှ အခွန်အကောက်များကို တစ်ဖက်သတ် သတ်မှတ်ကောက်ခံမှုတို့ ကလည်း ကုန်သွယ်မှုအပေါ် ထိခိုက်စေခဲ့သည်။

“နှစ်နိုင်ငံစလုံးမှာ စည်းမျဉ်းထိန်းသိမ်းမှု မရှိတဲ့ ကုန်စည် စီးဆင်းမှု၊ မလိုအပ်တဲ့ စာရွက်စာတမ်းတွေ တောင်းခံမှု၊ အခက်အခဲဖြစ်စေတဲ့ လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုတွေနဲ့ ကုန်စည် အကူးအပြောင်းဆိုင်ရာ ပံ့ပိုးမှုပိုင်း အားနည်းမှုတို့ကြောင့် ကုန်သွယ်မှုပမာဏ လျော့ကျခဲ့တာဖြစ်ပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly