ဂျူဗင်တပ်စ်အသင်း မည်သည့်အောင်မြင်မှုမှ မရရှိသေးဟု အယ်လီဂရီဆို

ဂျူဗင်တပ်စ်အသင်း မည်သည့်အောင်မြင်မှုမှ မရရှိသေးဟု အယ်လီဂရီဆို

တူရင်၊ ဇန်နဝါရီ ၂၁ ။         ။ ဂျူဗင်တပ်စ်အသင်းသည် ကိုပါအီတာလီယာဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွင် လာဇီယိုအသင်းကို ဝ-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့်အတွက် ဆီမီးဖိုင်နယ်တွင် အင်တာမီလန်အသင်းနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။

လာဇီယိုအသင်းကို အနိုင်ရရှိပြီးနောက်တွင် ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီက ၎င်းတို့အသင်းအနေဖြင့် မည်သည့်အောင်မြင်မှုကိုမှ ရရှိခြင်း မရှိသေးကြောင်း ပြောဆိုလိုက်သည်။

ဂျူဗင်တပ်စ်အသင်းသည် လက်ရှိအချိန်တွင် စီးရီအေ၌ အဆင့် ၂ နေရာသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သလို ချန်ပီယံလိဂ်တွင်လည်း ရှုံးထွက်အဆင့်သို့ တက်ရောက်ထားနိုင်သည်။ နောက်ဆုံး ၇ ပွဲဆက်တိုက်အနိုင်ရရှိထားသလို နောက်ဆုံး ၁၅ ပွဲတွင် ဆီဗီလာတစ်သင်းကိုသာ ရှုံးထားပြီး ၁၃ ပွဲအထိ အနိုင်ရထားသည်။

အသင်းအနေဖြင့် ထိုကဲ့သို့ ရလဒ်ကောင်းများရရှိနေသော်လည်း အယ်လီဂရီက အထက်ပါအတိုင်းပြောခဲ့ခြင်း ဖြစ်သည်။ 'ကျွန်တော်တို့အနေနဲ့ လက်ရှိခြေစွမ်းကို ဆက်လက်ထိန်းသိမ်းသွားမှာပါ။ ဂျူဗင်တပ်စ်အသင်းက ဘာအောင်မြင်မှုမှ မရသေးပါဘူး။

ကိုပါအီတာလီယာဖလားမှာ ဆီမီးတက်နိုင်ခဲ့တာက အံ့သြဝမ်းသာစရာပါ။ နောက်ဆုံးမှာတော့ အသင်းကြီးတစ်သင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အခုတစ်ပတ်ကစားရမယ့် ရိုးမားနဲ့ ပွဲကို အာရုံစိုက်ထားပါတယ်' ဟု အယ်လီဂရီက ပြောသည်။

လာဇီယိုအသင်းအားအနိုင်ယူခဲ့သည့်ပွဲစဉ်တွင် အယ်လီဂရီသည် ဘတ်ဖွန်၊ မန်ဇူကစ်၊ ဒိုင်ဘာလာ စသည့် အဓိက ကစားသမားအများစုကို ပွဲထုတ်ခဲ့ခြင်း မရှိပေ။ ထိုကဲ့သို့ ကစားသမား အပြောင်းအလဲ ပြုလုပ်ခဲ့ခြင်းနှင့် ပတ်သက်၍ အယ်လီဂရီက အလှည့်ကျစနစ်ကို အသုံးပြုသွားမည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly