မြဝတီ - ကော့ကရိတ် အာရှလမ်းတွင် ခရီးသည်တင်ယာဉ် ၁ စီးနှင့် ကုန်တင်ယာဉ် ၁ စီး မီးရှို့ခံရ

မြဝတီ - ကော့ကရိတ် အာရှလမ်းတွင် ခရီးသည်တင်ယာဉ် ၁ စီးနှင့် ကုန်တင်ယာဉ် ၁ စီး မီးရှို့ခံရ

မတ် ၁၂

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် ရွှေစင်စကြာ် ခရီးသည်တင် မှန်လုံ Express ကား တစ်စီးနှင့် ကုန်တင်ယာဉ် တစ်စီး ယနေ့ မတ်လ ၁၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ပစ်ခတ် မီးရှို့ ခံရကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

ကော့ကရိတ်မြို့နယ် အာရှလမ်း တောနော် ရေတံခွန် အနီးတွင် ရွှေစင်စကြာ် ခရီးသည်တင် မှန်လုံ Express ကား မီးရှို့ခံရပြီး ကော့နွဲ့တံတားအနီး၌ ကုန်တင်ယာဉ် တစ်စီး မီးရှို့ ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

“တောနော် အကျော် နားမှာ မှန်လုံတစ်စီး လမ်းလယ် ကန့်လန့်ထားပြီးတော့ မီးရှို့ ခံရတယ်လို့ ကြားတယ်။ ကော့နွဲ့နားမှာ ကုန်တင်ယာဉ် မီးရှို့ခံရတာ။ ကုန်တင်ကား အရင်ဆုံး မီးလောင်တာ။ Express ကတော့ နောက်မှ မီးလောင်တာ” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ယနေ့ မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သား အင်အား ၁၀၀ ဝန်းကျင်ခန့် မြဝတီ- ကော့ကရိတ် အာရှလမ်း အတိုင်း ခြေလျင် စစ်ကြောင်းထိုး ချီတက်လာပြီးနောက် ယာဉ်နှစ်စီး ပစ်ခတ် မီးရှို့ ခံလိုက်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

ရန်ကုန်- မြဝတီ ပြေးဆွဲနေသည့် ရွှေစင်စကြာ် ခရီးသည်တင် ယာဉ်တွင် ခရီးသည် တချို့ လိုက်ပါ လာပြီး ခရီးသည်များကို အောက်ဆင်းခိုင်းကာ ကားကို သီးသန့် မီးရှို့ ခံလိုက်ရခြင်း ဖြစ်ပြီး ခရီးသည်များ ထိခိုက် ဒဏ်ရာရရှိမှု အသေးစိတ်ကို မသိရသေးပေ။

ကော့နွဲ့ တံတားအနီး ကုန်တင်ယာဉ် မီးလောင်မှုတွင် ယာဉ်မောင်းတစ်ဦး သေဆုံးသွားကြောင်း ဒေသတွင်း လူမှုကူညီကယ်ဆယ်ရေး အဖွဲ့တစ်ခုက အတည်ပြုပြီး တိုက်ပွဲများ အကြား ကူညီ ကယ်ဆယ်ရေး သွားရောက် လုပ်ကိုင်ရန် အခက်အခဲ ရှိနေကြောင်း ၎င်းတို့က ပြောသည်။

“ကုန်တင်ကား ဒရိုင်ဘာကတော့ သေသွားတယ်လို့ ပြောတယ်။ မီးရှို့ခံရတဲ့ အထဲ ဒရိုင်ဘာ ပါသွားတယ်လို့ ပြောတယ်။ အဲဒီလို အချိန်မှာ ကျွန်တော်တို့ သွားလို့ အဆင်မပြေဘူး။ ပုံမှန် ကားမီးလောင်တဲ့ အချိန်မှာမှ ကျွန်တော်တို့က သွားတာ။ အခုလို တိုက်ပွဲ ကိစ္စတွေက ကျွန်တော်တို့ သွားလို့ အဆင်မပြေဘူး” ဟု လူမှုကူညီကယ်ဆယ်ရေး အဖွဲ့ဝင် တစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်နှစ်စီးကို မည်သည့်အဖွဲ့က ပစ်ခတ် မီးရှို့ခဲ့သည်ကိုမှု မသိရသေးကြောင်း ဒေသခံ များက ပြောသည်။

ကော့ကရိတ်မြို့နယ်တွင် ဒေသခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်ဖွဲ့ဝင် များနှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား ယမန်နေ့ မတ်လ ၁၁ ရက်နေ့ကလည်း နေရာသုံးခုထက် မနည်း ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

KNU တပ်မဟာ (၆) နယ်မြေအတွင်းရှိ ကော့ကရိတ်နှင့် လေးကေ့ကော်ဒေသတွင် တပ်စွဲထားသော အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အနေ့ဖြင့် သုံးရက်အတွင်း အမြန်ဆုံး တပ်ဆုတ် ထွက်ခွာ ကြရန်နှင့် မထွက်ခွာ ပါက နောက်ဆက်တွဲ ပြဿနာများငည် စစ်ကောင်စီ၏ တာဝန်သာ ဖြစ်ကြောင်း KNU တပ်မဟာ (၆) က စစ်ကောင်စီ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ထံ မတ်လ ၇ ရက်နေ့တွင် စာပို့ သတိပေးထားသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များ ထွက်ခွာသွားခြင်း မရှိသေးဘဲ အင်အား အများအပြား ထပ်မံ တိုးမြင့်ချ ထားလာသည်ကို တွေ့ရသည့် အတွက် တိုက်ပွဲ ပြင်းထန် လာနိုင်ကြောင်း ဒေသခံများက ခန့်မှန်း ထားသည်။

Photo - CJ

#Mizzima

#အာရှလမ်း

#ရွှေစင်စကြာ်

#မီးရှို့

#မြဝတီ

#ခရီးသည်တင်ယာဉ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly