သမ္မတရှီ၏ တတိယသက်တမ်းမစတင်မီ တရုတ်၌ ရင်ဆိုင်ရမည့် ခက်ခဲသော ရည်မှန်းချက်များရှိ

သမ္မတရှီ၏ တတိယသက်တမ်းမစတင်မီ တရုတ်၌ ရင်ဆိုင်ရမည့် ခက်ခဲသော ရည်မှန်းချက်များရှိ

နှစ်သစ်တွင် တရုတ်နိုင်ငံဗဟိုခေါင်းဆောင်များ၏ အစည်းအဝေးအများအပြားသည် နိုင်ငံ၏ စီးပွားရေး အခြေအနေနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့ကြသည်။ သမ္မတရှီကျင့်ဖျင်သည် ယခုနှစ်နှောင်းပိုင်းတွင် အာဏာထပ်မံရယူရန် အသင့်ပြင်နေချိန်တွင် ကုန်စျေးနှုန်းမြင့်တက်မှုနှင့် အလုပ်လက်မဲ့ဖြစ်မှုတို့ကြောင့် ဖြစ်ပေါ်လာသည့် မငြိမ်သက်မှုမှန်သမျှကို ထိန်းချုပ်ရန် ခေါင်းဆောင်များက စိတ်အားထက်သန်နေကြသည်။

တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတော်ကောင်စီသည် ပြီးခဲ့သည့် နိုဝင်ဘာလက အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ရာတွင် ဝန်ကြီးချုပ် လီကေ့ချန်က နိုင်ငံ၏ စီးပွားရေးသည် လက်ရှိတွင် အကျဘက်ကို ရင်ဆိုင်နေရပြီး မသေချာမရေရာမှုများ ပိုမိုများပြားလာသည်ဟု ပြောကြားခဲ့သည်။

CCP ဗဟိုအစည်းအဝေးပေါ်လစ်ဗျူရိုက အစိုးရလုပ်ငန်းအစီရင်ခံစာမူကြမ်းကို ဆွေးနွေးရန် ဖေဖော်ဝါရီလနှောင်းပိုင်းတွင် တွေ့ဆုံခဲ့ကြပြီး အစည်းအဝေးကို သမ္မတ ရှီကျင့်ဖျင်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ အဆိုပါ အစီရင်ခံစာကို မတ် ၅ ရက်က ကျင်းပသည့် ပြည်သူ့ကွန်ဂရက်၏ နှစ်ပတ်လည် အစည်းအဝေးတွင် ထုတ်ပြန်ခဲ့သည်။

ပေါ်လစ်ဗျူရိုအနေဖြင့် အရေးကြီးကိစ္စနှစ်ခုအား တရားဝင် ထုတ်ဖော်ပြောကြားမှုမရှိခြင်းမှာ စိတ်ဝင်စားစရာကောင်းနေသည်။ ပထမတစ်ချက်မှာ ယူကရိန်းကို ရုရှားကျူးကျော်မှု သို့မဟုတ် ရုရှားကို ရှုတ်ချသည့် ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို တရုတ်က ကြားနေခဲ့ခြင်းနှင့်ပတ်သက်၍ ရည်ညွှန်းပြောဆိုခြင်းမရှိပေ။ ဒုတိယတစ်ချက်မှာ နိုင်ငံ၏စီးပွားရေးအကျပ်အတည်းကို ပေါ်လစ်ဗျူရိုအစည်းအဝေးတွင် ပြောကြားခြင်းမရှိပေ။

ခေါင်းဆောင်များသည် အလားတူပင် မတည်ငြိမ်သေးသောစီးပွားရေးအကြောင်းကို ပြောကြားရာတွင် သွယ်ဝိုက်သောနည်းလမ်းကို အသုံးပြုခဲ့သည်။ ၂၀၂၂ ခုနှစ်အတွက် ၎င်းတို့၏ဦးစားပေးမှာ “စီးပွားရေးနှင့် လူမှုရေးတည်ငြိမ်ရေးကို ဦးစွာအာမခံပြီး တိုးတက်မှုကို ရှာဖွေရန်” ဖြစ်သည်ဟု ဆိုသည်။

ဘဏ္ဍာရေးပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ရာတွင် အခြားစီးပွားရေးစိန်ခေါ်မှု ၂ ရပ်ဖြစ်သည့် ငွေကြေးအဂတိလိုက်စားမှုနှင့် စိန်ခေါ်မှုများ များပြားနေခြင်းကိုလည်း သွယ်ဝိုက်၍ ပြောကြားခဲ့သည်။

ပေါ်လစ်ဗျူရိုသည် ယခုနှစ်ကုန်တွင် ကျင်းပမည့် အရေးကြီးသော အကြိမ် ၂၀ မြောက် ပါတီကွန်ဂရက်အားအကြောင်းပြု၍ ဖွံ့ဖြိုးမှုဆိုင်ရာစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းမှုနှင့်ပတ်သက်ပြီး ထပ်ခါတလဲလဲ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly