ဘီလစ်နိုင်ငံဝန်ကြီးချုပ် ထိုင်ဝမ်သို့ သွားရောက်ကာ သမ္မတ စိုင်အမ်းဝမ်က ဂုဏ်ပြု ကြိုဆိုမည်

ဘီလစ်နိုင်ငံဝန်ကြီးချုပ် ထိုင်ဝမ်သို့ သွားရောက်ကာ သမ္မတ စိုင်အမ်းဝမ်က ဂုဏ်ပြု ကြိုဆိုမည်

ဘီလစ်နိုင်ငံဝန်ကြီးချုပ် ဂျွန်ဘရစ်စီနိုသည် မတ်လ ၈ရက်မှ စတင်ကာ ထိုင်ဝမ်သို့ ၅ ရက်ကြာ လာရောက် မည်ဖြစ်ပြီး ၎င်းအား ထိုင်ဝမ်သမ္မတ စိုင်အမ်းဝမ်က ကြိုဆိုဂုဏ်ပြုမည်ဖြစ်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေး ဝန်ကြီးဌာန (MOFA) က မတ်လ ၇ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဝန်ကြီးချုပ်အား ထိုင်ဝမ်နှင့် ကာရေဘီယံမဟာမိတ်တို့အကြား ဆက်ဆံရေးတိုးမြှင့်ရာတွင် ပါဝင်ခဲ့သည့် အခန်းကဏ္ဍအတွက် Order of Propitious Clouds ဆိုသည့် ဘွဲ့ထူးဂုဏ်ထူးကို ပေးအပ်သွား မည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဘီလစ်နိုင်ငံဝန်ကြီးချုပ် ဂျွန် ဘရစ်စီနိုသည် ထိုင်ဝမ် ဒုသမ္မတ လိုင်ချင်တေးနှင့်လည်း တွေ့ဆုံကာ တိုင်နန်မြို့ အခြေစိုက် ခွန်ဆန်းတက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့လက်ခံရယူရန် တိုင်နန်သို့ ထိုင်ဝမ် ဒုသမ္မတနှင့် အတူသွားရောက်မည်ဖြစ်သည်။

ဘရစ်စီနိုနှင့် လိုင်တို့သည် သမ္မတရှားမာရာကတ်စထရို၏ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် ဟွန်ဒူးရပ်စ်နိုင်ငံ၌ ဇန်နဝါရီတွင် နောက်ဆုံးတွေ့ဆုံခဲ့ကြသည်။

၎င်း၏ ၅ ရက်ကြာ ခရီးစဉ်အတွင်း ဘရစ်စီနိုသည် ထိုင်ဝမ်ဝန်ကြီးချုပ် စုဆန်းချန်၊ နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူ တို့နှင့်လည်း တွေ့ဆုံမည်ဖြစ်ပြီး ဘီလစ်စီးပွားရေးအခွင့်အလမ်းဖိုရမ်တွင် ပါဝင်ကာ ထိုင်ဝမ်ရောက် ဘီလစ် ကျောင်းသားများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း MOFA က ထုတ်ပြန်ထားသည်။

ယခု ခရီးစဉ်သည် ၁၆ နှစ်အတွင်း ထိုင်ဝမ်သို့ ဘရစ်စီနို၏ ပထမဆုံး ခရီးစဉ်ဖြစ်သလို ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ လတွင် ဝန်ကြီးချုပ်အဖြစ် စတင်တာဝန် ထမ်းဆောင်ပြီးကတည်းက ဝန်ကြီးချုပ်အဖြစ် ပထမဆုံးအကြိမ် လာရောက်ခြင်းလည်းဖြစ်သည်။

ဝန်ကြီးချုပ်၏ ခရီး တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားကုန်သွယ်မှုနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး အာမွန်ကော်တီနေးနှင့် ပညာရေး၊ ယဉ်ကျေးမှု၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဖရန်စစ် ဖွန်စီကာတို့ ပါဝင်သည်။

ဘီလစ်သည် ကမ္ဘာတစ်ဝန်းရှိ ထိုင်ဝမ်၏ သံတမန်မဟာမိတ် ၁၄ နိုင်ငံထဲမှ တစ်နိုင်ငံဖြစ်ပြီး ၁၉၈၉ ခုနှစ်ကတည်းက တရားဝင် သံတမန်ဆက်ဆံရေးရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly