ဗီယက်နမ်ကမ်းရိုးတန်းအနီးတွင် တရုတ်က စစ်ရေးလေ့ကျင့်မှု ပြုလုပ်

ဗီယက်နမ်ကမ်းရိုးတန်းအနီးတွင် တရုတ်က စစ်ရေးလေ့ကျင့်မှု ပြုလုပ်

တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်နှင့် ဗီယက်နမ်နိုင်ငံကြားရှိ တောင်တရုတ်ပင်လယ်တွင် တရုတ်က စစ်ရေး လေ့ကျင့်မှု ပြုလုပ်ခဲ့သည်။

တရုတ်က သင်္ဘောများကို ယင်းနေရာနှင့် ဝေးဝေးတွင်နေရန် သတိပေးထားကြောင်း ဘန်ကောက်ပို့စ် သတင်း တွင် ဖော်ပြထားသည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် မတ် ၁၅ ရက်အထိ ကြာမြင့်မည်ဟု ဟိုင်နန်ပင်လယ် ရေကြောင်း ဘေးကင်းရေး စီမံခန့်ခွဲရေးဌာနက ပြောကြားခဲ့သည်။

မတ်လ ၄ရက်နှောင်းပိုင်းတွင် ထုတ်ပြန်ချက်တစ်ခုတွင် တရုတ်အစိုးရသည် ဟိုင်နန်ပြည်နယ် ဆန်ယာမြို့နှင့် ဗီယက်နမ်နိုင်ငံ ဟွေမြို့အကြား ဧရိယာတွင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း ဆိုသည်။

အစောပိုင်းတွင် ဗီယက်နမ်၏ ရေမိုင် ၂၀ဝ သီးသန့်စီးပွားရေးဇုန်အတွင်း ရေပိုက်နက်၏ တစ်စိတ် တစ်ပိုင်း အတွင်းသို့ ဝင်ရောက်ခြင်းကြောင့် ဗီယက်နမ်၏ အချုပ်အခြာအာဏာကို ချိုးဖောက်မှုအတွက် တရုတ်ကို ပြစ်တင်ဝေဖန်ခဲ့သည်။

တရုတ်က အငြင်းပွားရေလမ်းကြောင်း၏ ပိုင်နက်အများအပြားကို တောင်းဆိုထားပြီး သန္တာ ကျောက်တန်းများနှင့် ကျွန်းငယ်များပေါ်တွင်လည်း ကျွန်းတုများတည်ဆောက်ထားသဖြင့် အမေရိကန်အပါအဝင် နိုင်ငံအများအပြားက စိုးရိမ်ပူပန်လျက်ရှိသည်။

တရုတ်၏ တောင်းဆိုချက်များသည် ၁၉၈၂ ခုနှစ် ပင်လယ်ပြင် သဘောတူညီချက် ဥပဒေနှင့် မကိုက်ညီကြောင်း ကျွမ်းကျင်သူများက ဝေဖန်ထားသည်။

ပင်လယ်ပြင် သဘောတူညီချက် ဥပဒေတွင် ဖော်ပြထားသည့်အတိုင်း နိုင်ငံတကာဥပဒေနှင့်အညီ ယင်း၏ ပင်လယ်ပြင်ဆိုင်ရာ တောင်းဆိုချက်များကို လိုက်နာရန် အမေရိကန်က အကြိမ်ကြိမ် ပြောကြားထားသည်။

တောင်တရုတ်ပင်လယ်တွင် တရုတ်၏တရားမဝင် အကျပ်ကိုင်လှုပ်ရှားမှုများကို ရပ်တန့်ရန်လည်း အမေရိကန်က တရုတ်ကို တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required