ဆော်ဒီ၏ တိုက်ခိုက်မှုကြောင့် ယီမင်တွင် လူ ၈,၀၀၀ ကျော်သေဆုံးပြီးဖြစ်

ဆော်ဒီ၏ တိုက်ခိုက်မှုကြောင့် ယီမင်တွင် လူ ၈,၀၀၀ ကျော်သေဆုံးပြီးဖြစ်

ဆာနာ၊ ဇန်နဝါရီ ၂၁ ။.          ။ လွန်ခဲ့သည့်နှစ် မတ်လက ဆော်ဒီအာရေးဘီးယားက ယီမင်ကို စစ်ပြုချိန်က စ၍ယခုအထိ ဆော်ဒီ၏တိုက်ခိုက်မှုကြောင့် ယီမင်တွင် လူ ၈,၀၀၀ကျော်သေဆုံးပြီးဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းတစ်ခုက ပြောသည်။ 

ဆက်လက်ပြုလုပ်နေဆဲဖြစ်သော ဆော်ဒီ၏တိုက်ခိုက်မှုများကြောင့် ကလေး ၂,၂၃၆ဦးအပါအဝင် စုစုပေါင်းလူ ၈,၂၇၈ဦးသေဆုံးခဲ့ပြီး ၁၆,၀၁၅ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဇန်နဝါရီ ၂၀က Yemeni Civilian Association အဖွဲ့၏ အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။

ဆော်ဒီ၏ တိုက်ခိုက်မှုများကြောင့် အိမ် ၃၄၅,၇၂၂လုံး၊ တက္ကသိုလ် ၃၉ခု၊ ဆေးရုံ၂၆၂လုံး၊ မီဒီယာရုံး ၁၆ခု၊ ဗလီ ၆၁၅လုံး၊ စာသင်ကျောင်းနှင့် ပညာရေးစင်တာ ၈၁၀ တို့ပျက်စီးခဲ့သည့်အပြင် ကျောင်းပေါင်း ၄,၀၀၀ခန့်လည်း ပိတ်ပစ်ခဲ့ရသည်။

ထို့အပြင် ဆော်ဒီ၏တိုက်ခိုက်မှုကြောင့်ပင် အစိုးရအဆောက်အဦ ၁,၁၁၃လုံး၊ စက်ရုံ ၁၉၁ရုံ၊ အမွေအနှစ်နေရာ ၅၉ခု၊အားကစားကွင်း ၄၁ကွင်း၊ကြက်မွေးမြူရေးခြံ ၁၂၄ခြံ၊ အစားအစာစတိုး၅၄၇ခုနှင့် ဆီလှောင်ကန် ၄၂၁လုံးတို့လည်း ပျက်စီးခဲ့သည်။

ထို့အပြင် တံတားနှင့်လမ်း ၅၃၀၊ရေသိုလှောင်စည် ၁၆၃လုံး၊ ဓါတ်အားပေးစက်ရုံ ၁၄၀၊ ဆက်သွယ်ရေးဆိုက် ၁၆၇ခု၊ လေဆိပ် ၁၄ခုနှင့် ပင်လယ်ဆိပ်ကမ်း ၁၀ခုတို့လည်း ဆော်ဒီတို့၏ တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည်။

ဆေးရုံများကို ဆော်ဒီက တိုက်ခိုက်မှုကြောင့် ယီမင်လူနာများ၏ ကြောက်မက်ဖွယ်အခြေအနေနှင့် ပတ်သက်၍ နိုင်ငံတကာကြက်ခြေနီကော်မတီ(ICRC)၏ သတိပေးချက် ပေါ်ထွက်လာပြီးနောက် ယခုအစီအရင်ခံစာ ထွက်ပေါ်လာခြင်းဖြစ်သည်။

ယီမင်၏ အခြေအနေမှာ ကမ္ဘာ၏ အမေ့ခံပဋိပက္ခတစ်ခုဖြစ်လာနေသည်ဟု အရှေ့အလယ်ပိုင်းတွင် ICRC ၏လုပ်ငန်းများကို ဦးဆောင်ရသူ ရောဘတ်မာဒီနီက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly