ICJတွင် တရားစွဲဆိုမှု တပ်မတော်ကို ထိခိုက်အောင် ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်ဟု စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ပြော

ICJတွင် တရားစွဲဆိုမှု တပ်မတော်ကို ထိခိုက်အောင် ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်ဟု စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ပြော

မတ်လ ၁၁ ရက်

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJတွင် တရားစွဲဆိုမှုမှာ တပ်မတော်ကိုထိခိုက်အောင်ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အာဏာသိမ်း စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်က ပြောသည်။

မတ်လ ၁၀ရက်က နေပြည်တော်တွင် ကျင်းပသည့် စစ်ကောင်စီ၏ နိုင်ငံခြားရေးရာ မူဝါဒကော်မတီ အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး တရားစွဲဆိုထားခြင်းဖြစ်ကာ စစ်ကောင်စီတပ်၏ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ချက်များတွင် ရက်စက်ကြမ်းကြုတ်မှုများ အပါအဝင် အချက် ခုနစ်ချက်ကို ဂမ်ဘီယာနိုင်ငံဘက်က ပြီးခဲ့သည့် ၂၀၁၉ခုနှစ်တွင် ICJ၌ တင်ပြထားသည်။

အဆိုပါ တရားစွဲဆိုမှုနှင့်ပတ်သက်ပြီး မမှန်ကန်သည့် စွပ်စွဲချက်များဖြင့် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ကျဆင်းစေရန်နှင့် တပ်မတော်ကို ထိခိုက်အောင် ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ကပြောသည်။

မြန်မာနိုင်ငံကို ICJတွင် တရားစွဲဆိုမှုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပတ်သက်သည့် အိမ်နီးနားချင်း နိုင်ငံဆက်ဆံရေးမှ စတင်ခဲ့ပြီး ယခုတရားစွဲဆိုသည့် ဂမ်ဘီယာနိုင်ငံမှာ မြန်မာနိုင်ငံနှင့် တိုက်ရိုက်ထိတွေ့သည့် နိုင်ငံ မဟုတ်ဘဲ ကိုယ်စားလှယ်အနေဖြင့် ဝင်ရောက်ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရကြောင်း စစ်ကောင်စီ ဥက္ကဌကပြောသည်။

အဆိုပါကိစ္စမှာ ကိုလိုနီခေတ်တွင် စတင်ခဲ့သည့်ပြဿနာတစ်ရပ်ဖြစ်ပြီး လူဝင်မှုပြဿနာများမှ တရားစွဲဆိုမှု ပြဿနာ အထိရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ICJက မည်ကဲ့သို့ ဆုံးဖြတ်သည်ဖြစ်စေ ကြိုတင်ပြင်ဆင် အရေးယူဆောင်ရွက်ရန် လိုအပ်မှုများကို ၎င်းက စစ်ကောင်စီ အဖွဲ့ဝင်များထံ မှာကြားခဲ့ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံကို လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲချက်နှင့်ပတ်သက်ပြီး ဒုတိယအကြိမ် ကြားနာမှုကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၈ ရက်အထိ ပြုလုပ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required