နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတတို့ကို စွပ်စွဲထားသည့် ရွေးကောက်ပွဲ မဲမသမာမှုအတွက်  UEC ဒုညွှန်ချုပ်ကို ပြန်လှန်စစ်မေးမှုပြီးစီး

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတတို့ကို စွပ်စွဲထားသည့် ရွေးကောက်ပွဲ မဲမသမာမှုအတွက်  UEC ဒုညွှန်ချုပ်ကို ပြန်လှန်စစ်မေးမှုပြီးစီး

မတ်လ ၁၁ ရက်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သုံးဦးကို ရွေးကောက်ပွဲ မဲမသမာမှုနှင့် ပတ်သက်၍ စွပ်စွဲတရားစွဲဆိုထားသည့် အမှုတွင် စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် ဒုညွှန်ချုပ်ကို ယနေ့ မတ်လ ၁၁နေ့ ရုံးချိန်းတွင် ပြန်လှန်စစ်မေးမှု ပြီးစီးသွားကြောင်း တရားရုံးနှင့် နီးစပ်သူထံမှ သိရသည်။

တရားလိုပြ သက်သေဖြစ်သူ UEC ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူကို ယခင်တစ်ပတ် ရုံးချိန်းကတည်းက စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ယနေ့ပြန်လှန်စစ်မေးရာတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို စွပ်စွဲထားသော စွပ်စွဲချက်များကို ချေဖျက်သည့် မေးခွန်းများကို ရှေ့နေများက မေးမြန်းခဲ့ကြကြောင်း သိရသည်။

အမှုကို အပတ်စဉ် သောကြာနေ့တိုင်း စစ်ဆေးနေပြီး နောက်ထပ်ရုံးချိန်းတွင် တရားလိုပြသက်သေအဖြစ် စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်မှ နောက်ထပ်အရာရှိတစ်ဦးကို စစ်ဆေးရန်ရှိကြောင်း သိရသည်။

အဆိုပါ အမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့ကို စွဲဆိုထားခြင်းဖြစ်သည်။

အဆိုပါအမှု၏ တရားလိုမှာ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် ညွှန်မှူး ဦးအောင်မျိုးလွင်ဖြစ်ပြီး စွပ်စွဲခံရသည့် ပုဂ္ဂိုလ် သုံးဦးမှာ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို မလျော်သြဇာလွှမ်းမိုးခဲ့သည်ဟုသော စွပ်စွဲချက်ဖြင့် ပုဒ်မ ၁၃၀-ကဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

အမှုတွင် တရားလိုအပါအဝင် တရားလိုပြသက်သေ ၂၂ ဦးရှိပြီး လာမည့် မေလအတွင်း စွဲချက်အမိန့်ချမှတ်ရန် စီစဉ်ထားသည်။

ပုဒ်မ ၁၃၀-ကတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ပါက ထောင်ဒဏ် သုံးနှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိတွင် အမှု ငါးမှုအတွက် ထောင်ဒဏ် ခြောက်နှစ် ကျခံနေရပြီး အမှုပေါင်း ၁၂မှုဖြင့် ဆက်လက် တရားရင်ဆိုင်နေရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required