ယူကရိန်းတွင် ဇီဝလက်နက် ထုတ်လုပ်နေသည်ဆိုသော ရုရှ၏ စွပ်စွဲချက်အရ လုံခြုံရေးကောင်စီ အရေးပေါ် စည်းဝေးမည် 

ယူကရိန်းတွင် ဇီဝလက်နက် ထုတ်လုပ်နေသည်ဆိုသော ရုရှ၏ စွပ်စွဲချက်အရ လုံခြုံရေးကောင်စီ အရေးပေါ် စည်းဝေးမည် 
Photo - AFP

မတ် ၁၁

ယူကရိန်းတွင် ဇီဝလက်နက် ထုတ်လုပ်နေသည်ဆိုသော စွပ်စွဲချက်နှင့် ပတ်သက်ပြီး ရုရှ၏ မေတ္တာရပ်ခံချက်အရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် သောကြာနေ့တွင် အရေးပေါ် စည်းဝေးမည် ဖြစ်သည်။ 

ဖေဖော်ဝါရီ ၂၄ ရက်မှစကာ ရုရှတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရသည့် ယူကရိန်းနိုင်ငံ၌ ဇီဝလက်နက် ထုတ်လုပ်ရေးအတွက် အမေရိကန်က သုတေသန ရန်ပုံငွေ စိုက်ထုတ်ပေးနေသည်ဟု ရုရှက ကြာသပတေးနေ့တွင် စွပ်စွဲခြင်း ဖြစ်သည်။  

ယူကရိန်း၌ ဇီဝလက်နက် ထုတ်လုပ်ရန် ရည်ရွယ်သော ဓာတ်ခွဲခန်းများ တည်ရှိသည်ဆိုခြင်းကို အမေရိကန်ရော၊ ယူကရိန်းကပါ ငြင်းဆန်ထားသည်။ ယခုကဲ့သို့ စွပ်စွဲလာခြင်းသည် ရုရှအနေဖြင့် ၎င်းကိုယ်တိုင် မကြာခင်၌ ဇီဝလက်နက် ထုတ်သုံးလာနိုင်သည့် နိမိတ်လက္ခဏာပဲဖြစ်သည်ဟု အမေရိကန်က ပြောသည်။ 

ယူကရိန်းတွင် ရုရှက ဇီဝလက်နက် အသုံးပြုလာနိုင်ဖွယ်ရှိခြင်းအတွက် ကြိုတင်အကွက်ချကာ ၎င်း၏ ဆန့်ကျင်ဘက်များနှင့် အမေရိကန်တို့က ဇီဝလက်နက်နှင့် ဓာတုလက်နက်များ အသုံးပြုနေသည်ဟု စွပ်စွဲရင်း မာယာသုံးလှည့်ကွက်ဖန်တီးခြင်းသာ ဖြစ်သည်ဟု အမေရိကန်က စွပ်စွဲသည်။ ဆီးရီးယား၌ ရုရှသည် ဓာတုလက်နက် သုံးစွဲခဲ့သည်ဟူသော စွပ်စွဲချက်များလည်း ရှိထားသည်။

မဖြေရှင်းနိုင်သေးဘဲ ရှိနေဆဲဖြစ်သည့် ဆီးရီးယားတွင် ရုရှ၏ ဓာတုလက်နက် သုံးစွဲခဲ့ခြင်းနှင့် ဆိုင်သော လုံခြုံရေးကောင်စီ၏ လပတ်အစည်းအဝေး၌ အမေရိကန်နှင့် ဗြိတိန်တို့က ယူကရိန်းအရေးပါ တင်ပြခဲ့ကြသည်။  

“ဆီးရီးယားမှာ ဓာတုလက်နက်တွေ သုံးစွဲခဲ့တာနဲ့ စပ်လျဉ်းပြီး ရုရှနိုင်ငံဟာ အကြိမ်ကြိမ် သတင်းမှား ဖြန့်နေတယ်”ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန် လက်ထောက်သံတမန် ရစ်ချက် မေးလ်က ပြောသည်။ “ရုရှနိုင်ငံဟာ ယူကရိန်းကို ကြိုတင်ကြံရွယ်ပြီး တရားနည်းလမ်းမကျတဲ့ စစ်ပွဲဆင်နွှဲတာကို မျှတမှုရှိကြောင်း ပြသဖို့ ကြိုးစားရာမှာ အလိမ်အညာတွေချည်းပဲ ဆိုနေတာ ဖြစ်တယ်၊ ဆီးရီးယားမှာ ဓာတုလက်နက် သုံးတာနဲ့ ပတ်သက်ပြီး ပြောရာမှာလည်း ရုရှကို ယုံကြည်ရတာ မဟုတ်ဘူး”ဟု ၎င်းက ပြောသည်။ 

ကုလသမဂ္ဂဆိုင်ရာ ဗြိတိန် လက်ထောက်သံတမန် ဂျိမ်းစ် ကာရီယူကီကလည်း ယူကရိန်းအပေါ် ရုရှ၏ တိုက်ခိုက်မှုကို ရှုတ်ချပြီး ဆီးရီးယားက ရုရှ၏ လုပ်ရပ်များနှင့် နှိုင်းယှဉ်ကြည့်နိုင်ကြောင်း ပြောခဲ့သည်။ 

ယူကရိန်းကဲ့သို့ပင် ဆိုဗီယက်ဟောင်း နိုင်ငံဖြစ်ကာ နေတိုးနှင့် အီးယူအဖွဲ့တို့ ဝင်ရောက်လိုနေသည့် ဂျော်ဂျီယာနိုင်ငံတွင် အမေရိကန်နိုင်ငံသည် ဇီဝလက်နက် လက်တွေ့သုတေသနလုပ်ငန်းများကို လျှို့ဝှက်ဆောင်ရွက်လျက်ရှိနေကြောင်း ရုရှက ၂၀၁၈ ခုနှစ်အတွင်း၌ စွပ်စွဲထားဖူးသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly