ပိုလန်ရောက် ယူကရိန်းဒုက္ခသည်များတွင် ရှင်ကျန်းမှ ကာဇတ်တိုင်းရင်းသားများ ပါဝင်

ပိုလန်ရောက် ယူကရိန်းဒုက္ခသည်များတွင် ရှင်ကျန်းမှ ကာဇတ်တိုင်းရင်းသားများ ပါဝင်

ရုရှား-ယူကရိန်း ပဋိပက္ခအကြားတွင် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ကျန်းပြည်နယ်မှ ကာဇတ်လူမျိုးတစ်ဦးသည် အခြားယူကရိန်းဒုက္ခသည်များနှင့်အတူ ပိုလန်နိုင်ငံသို့ ထွက်ခွာလာခဲ့ကြောင်း Radio Free Europe က မတ်လ ၄ ရက်တွင် ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံသား အာဆင်အာကီနျူလီသည် ယူကရိန်း လူဝင်မှုကြီးကြပ်ရေးတွင် လအတန်ကြာ ထိန်းသိမ်းခံခဲ့ရသည်။ ၎င်းကို တရုတ်နိုင်ငံသို့ ပြန်ပို့မည်ဆိုပါက ထောင်ချခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းခံရမည်ဟူသော ခြိမ်းခြောက်မှုများကြောင့် နောက်ဆုံးတွင် ယူကရိန်းအာဏာပိုင်များက ဒုက္ခသည်အဖြစ် သတ်မှတ်ပေးခဲ့သည်။

အာကီနျူလီသည် စာရွက်စာတမ်းအထောက်အထားမရှိဘဲ ပိုလန်နိုင်ငံသို့ ဖြတ်ကူးရန် ကြိုးပမ်းမှုအတွက် ယူကရိန်းနယ်ခြားစောင့်တပ်မှ ၂၀၂၀ ခုနှစ် အောက်တိုဘာလတွင် ပထမဆုံးဖမ်းဆီးခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။ သူ့ကို တရုတ်နိုင်ငံသို့ ပြန်ပို့ရန် အောက်တရားရုံး၏ ဆုံးဖြတ်ချက်ကို အယူခံတရားရုံးက ပယ်ဖျက်ပြီးနောက် ဒီဇင်ဘာလတွင် အနောက်ပိုင်း အယ်လ်ဗီးမြို့ရှိ အချုပ်အနှောင်မှ လွတ်မြောက်ခဲ့သည်။

၂၀၂၀ ခုနှစ် ဩဂုတ်လတွင် အာကီနျူလီသည် ယူကရိန်း-စလိုဗက်နယ်စပ်ကိုတရားမဝင်ဖြတ်ကူးရန် ကြိုးပမ်းပြီးနောက် ဆလိုဗက်ကီးယားနယ်ခြားစောင့်တပ်များက သူ့အား ဖမ်းဆီးကာ ယူကရိန်းသို့ပြန်ပို့ပြီး အယ်လ်ဗီးမြို့ လူဝင်မှုကြီးကြပ်ရေး၌ ထိန်းသိမ်းထားခဲ့သည်။

ဖေဖော်ဝါရီ ၂၄ ရက်က ရုရှားကျူးကျော်ဝင်ရောက်လာပြီးနောက် အာကီနျူလီသည် ထောင်ပေါင်းများစွာသော ယူကရိန်းဒုက္ခသည်များနှင့်အတူ ပိုလန်သို့ ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။

ယူကရိန်းကို ရုရှားစစ်တပ်က ဆက်လက်တိုက်ခိုက်နေသောကြောင့် ထွက်ပြေးလာသော ထောင်နှင့်ချီသည့် ဒုက္ခသည်များ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးများနှင့်အတူ အာကီနျူလီသည် ပိုလန်ဘက်တွင် ရောက်ရှိနေသည်။ ယူကရိန်းမှ ပိုလန်သို့ ဒုက္ခသည်အဖြစ်ထွက်ပြေးလာသူများတွင် နိုင်ငံခြားသားများစွာ ပါဝင်သည်ဟု ဆိုသည်။

ကာဇတ်လူမျိုးများသည် ဝီဂါလူမျိုးပြီးလျှင် ရှင်ကျန်းတွင် ဒုတိယအကြီးဆုံး တာကစ်စကားပြော ဌာနေတိုင်းရင်းသား အသိုက်အဝန်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly