ရုရှ-ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ၂ ဦး တူရကီ၌ တွေ့ဆုံဆွေးနွေးမည်

ရုရှ-ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ၂ ဦး တူရကီ၌ တွေ့ဆုံဆွေးနွေးမည်
(Photo credit- Composite/AP)

မတ် ၁၀

ရုရှ နှင့် ယူကရိန်းတို့၏ နိုင်ငံခြားရေးဝန်ကြီးများသည် မတ်လ ၁၀ ရက်တွင် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးရန် တူရကီနိုင်ငံ၌ ရောက်ရှိနေကြသည်ဟု တာဝန်ရှိသူများက ပြောသည်။ ယင်းသည် ရုရှက ယင်း၏ ဆိုဗီယက်အဖွဲ့ဝင်ဟောင်း အိမ်နီးချင်းနိုင်ငံကို ကျူးကျော်စစ်ဆင်နွှဲပြီးနောက်ပိုင်း နှစ်ဘက်အကြား ပထမဆုံးအကြိမ် အဆင့်မြင့်လယ်ဗယ် တွေ့ဆုံမှုလည်း ဖြစ်မည် ဖြစ်သည်။

ကိယက်ဗ်နှင့် မော်စကို တို့မှ အရာရှိများသည် ဘယ်လာရုစ်နိုင်ငံ၌ တွေ့ဆုံပြီး ဆွေးနွေးညှိနှိုင်းမှု အချို့ ပြုလုပ်ထားပြီး ဖြစ်သော်လည်း ယခု တူရကီနိုင်ငံ တောင်ပိုင်း အန်တယ်ယာမြို့ အစည်းအဝေးက အကျပ်အတည်းနှင့်ပတ်သက်ပြီး ဆွေးနွေးရန် ရုရှဘက်က ဝန်ကြီးတစ်ဦးကို ပထမဆုံး အကြိမ် စေလွှတ်မှုလည်းဖြစ်သည်။

ရုရှဘက်က ယင်း၏ ရန်လိုတိုက်ခိုက်မှုများ ရပ်စဲစေရေးနှင့် ယူကရိန်းအပေါ် စစ်ဆင်နွှဲမှု ရပ်ဆိုင်းစေရေး ဆွေးနွေးရန် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဘာသည် အန်တယ်ယာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အိုလက်ဂ် နီကိုလန်ကိုက ဗုဒ္ဓဟူးနေ့ ညနေခင်းက တွစ်တာတွင် ရေးခဲ့သည်။

ဆွေးနွေးမှုများ လုပ်ဆောင်ရန် ရုရှနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်လည်း ရောက်ရှိနေပြီဟု တူရကီအရာရှိတစ်ဦးက အေအက်ဖ်ပီကို ပြောသည်။

ကိယက်ဗ်နှင့် မော်စကိုအကြား ညှိနှိုင်းဆွေးနွေးမှုများအရ လက်ရှိအချိန်အထိ အပစ်ရပ်စဲမှုတစ်ချို့နှင့် ဒေသခံပြည်သူများကို ဘေးကင်းရာ ပြောင်းရွှေ့ပေးနိုင်ရန် လူသားချင်းစာနာမှု လမ်းကြောင်းများ ဖွင့်လှစ်မှုတို့ကို ဖြစ်ထွန်းရရှိထားသည်။

သို့သော် ထို သဘောတူညီချက်များကို ရုရှတို့ဘက်က ချို့ဖောက်မှုများ လုပ်ဆောင်ထားသည်ဟု စွပ်စွဲခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly