အကျဉ်းကျခံရသူ အချင်းချင်း နှုတ်ဆက်စကားဆိုသည့်အပေါ် ထောင်ဝန်ထမ်းက တားမြစ်သည့်ကိစ္စ ဥပဒေရှိသလားဟု ဒေါက်တာဇော်မြင့်မောင် တုံ့ပြန်ပြောဆို

အကျဉ်းကျခံရသူ အချင်းချင်း နှုတ်ဆက်စကားဆိုသည့်အပေါ် ထောင်ဝန်ထမ်းက တားမြစ်သည့်ကိစ္စ ဥပဒေရှိသလားဟု ဒေါက်တာဇော်မြင့်မောင် တုံ့ပြန်ပြောဆို

မတ် ၁၀

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အား ယမန်နေ့ မတ်လ ၉ ရက်က ရုံးထုတ်လာစဉ် ၎င်းက အနီးရှိ အကျဉ်းကျခံနေရသူနှင့် နှုတ်ဆက်စကားဆိုရာ အကျဉ်းထောင် ဝန်ထမ်းက စကားပြော၍မရကြောင်း ပိတ်ပင်တားမြစ်ခဲ့သည့်အတွက် ယင်းအပေါ် ဥပဒေရှိသလားဟု ဒေါက်တောဇော်မြင့်မောင်က တုံ့ပြန်ပြောဆိုခဲ့ကြောင်း သိရသည်။

ဒေါက်တာဇော်မြင့်မောင်အား မဲမသမာမှု ပြုလုပ်သည်ဟုဆိုကာ စွဲဆိုထားသော အမှု နှစ်မှုအတွက် မန္တလေး အိုးဘိုအကျဉ်းထောင် အထူးသီးသန့် တရားရုံးတွင် ရုံးထုတ်ကာ စစ်ဆေးကြားနာခဲ့ကြောင်း ထောင်တွင်း သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမ ကိုပြောသည်။

“သူက ရုံး အရှေ့မှာ ရှိနေတဲ့ အခြားအကျဉ်းကျခံနေရသူနဲ့ စကားပြောတော့ ထောင်ကဝန်ထမ်းက လာတားတယ်။ အဲ့ဒီဝန်ထမ်းကလည်း အရင်က မတွေ့ဘူးပါဘူး။ ကကျိုးကဂျောင်ကောင်ပါ။ အဲ့ဒါနဲ့ ဒေါက်ဇော်က ဒီလို စကားမပြောရတဲ့ ဥပဒေရှိလားဆိုပြီး အရမ်းဒေါသထွက်ပြီး ပြန်ပြောတာ။ ဟိုကောင်လည်း ဘာမှမပြောနိုင်တော့ဘူး။ သူကလည်း သက်သက်မယ့် ရမလားဆိုပြီး လာကျယ်တာဖြစ်မှာပေါ့။” ဟု သတင်းအရင်းအမြစ်က ပြောသည်။

ယင်း အမှုနှစ်မှု အတွက် စွဲချက်တင်ပြီးဖြစ်သောကြောင့် ယမန်နေ့က ပြန်ခေါ်သက်သေများကို စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး အမရပူရ အမှုအတွက် ပြန်ခေါ်သက်သေ တစ်ဦးလာရောက်ထွက်ဆိုကာ အောင်မြေသာစံအမှု အတွက် ပြန်ခေါ်သက်သေ ငါးဦး လာရောက်ထွက်ဆိုခဲ့သည်။

အမရပူရအမှုအတွက် ရွေးကောက်ပွဲဆိုင်ရာ သီးခြားပုဒ်မ ၁၃၀-က ဖြင့် တရားစွဲဆိုထားသော်လည်း စွဲချက်တင်အမိန့်အား ၁၇၁(စ)ဖြင့် စွဲချက်တင်ခဲ့သည်။ အောင်မြေသာစံအမှု အတွက်ကိုမူ ၁၃၀-က ဖြင့် စွဲဆိုထားပြီး ယင်းပုဒ်မဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

“ ခက်တော့ခက်တယ်။ စွဲချက်အမိန့်တင်တဲ့အခါမှာ အမှုတူ မြို့နယ်ကွဲတာပဲကွာတယ်။ အမရပူရ အမှုအတွက်ကျတော့ ၁၃၀-က အစား ၁၇၁(စ) နဲ့စွဲချက်တင်တယ်။ အောင်မြေသာစံအမှုကိုကျတော့ ပုဒ်မ ၁၃၀-က နဲ့ဘဲ စွဲချက်တင်တယ်။ မတ်လ ၄ ရက်နေ့က စွဲချက်တင်တယ်။ ရှေ့နေတွေပါ မျက်စိလည်ထွက်နေ တာပဲ” ဟု ဆိုသည်။

ယင်းအမှု နှစ်မှု အတွက် မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကျော်ကျော်စိုးက တရားလိုပြုလုပ် စွဲဆိုထားသောအမှု များဖြစ်သည်။

မတ်လ ၈ရက်တွင်လည်း ဒေါက်တာဇော်မြင့်မောင်၏ အဂတိအမှု ငါးမှုအတွက် စွဲချက်တင်အမိန့် ချမှတ်ခဲ့ပြီး ဝန်ကြီးချုပ်က အပြစ်မရှိကြောင်း ကိုယ်တိုင်ချေပ ငြင်းဆိုထားသည်။

အသက် ၇၀ အရွယ် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် သွေးကင်ဆာဝေဒနာ ခံစားနေရသူတစ်ဦးဖြစ်ကာ ၎င်းအနေဖြင့် အဂတိအမှု ငါးမှုအပါအဝင် မဲမသာမှုပြုလုပ်သည်ဟုဆိုကာ စွဲဆိုထားသော အမှု နှစ်မှု စုစုပေါင်း အမှု ခုနစ်မှုဖြင့် ဆက်လက်ရင်ဆိုင်နေရခြင်း ဖြစ်သည်။

#မန္တလေး

#အိုးဘိုအကျဉ်းထောင်

#ဒေါက်တာဇော်မြင့်မောင်

#မဲမသမာမှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required