တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲ၊ အတိုက်အခံပါတီ သမ္မတလောင်း အနိုင်ရ

တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲ၊ အတိုက်အခံပါတီ သမ္မတလောင်း အနိုင်ရ

မတ် ၁၀

တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပသည့် သမ္မတရွေးကောက်ပွဲတွင် အတိုက်အခံ ကွန်ဆာဗေးတစ် နိုင်ငံရေးပါတီမှ သမ္မတလောင်း ယွန်းဆက်ယို အနိုင်ရရှိသွားပြီး သမ္မတသစ်အဖြစ် ရွေးချယ်တင်မြှောက်ခံလိုက်ရသည်။

ယခု ရွေးကောက်ပွဲသည် ယင်းနိုင်ငံ၌ အကြိတ်အနယ် အရှိဆုံး ရွေးကောက်ပွဲတစ်ခု ဖြစ်ခဲ့ပြီး ယင်းသည် လာမည့် ငါးနှစ်တာကာလအတွက် အာရှ၏ စတုတ္ထအကြီးဆုံး စီးပွားရေးနိုင်ငံကို ပုံဖော်မည် ဖြစ်သည်။

ကြာသပတေးနေ့ ဒေသစံတော်ချိန် မနက် ၅ နာရီ ခွဲအထိ ဆန္ဒမဲ ၉၉ ဒသမ ၈ ရာခိုင်နှုန်းခန့် ရေတွက်ပြီးစီးခဲ့ချိန်တွင် အဓိကအတိုက်အခံ ပြည်သူ့အင်အား ပါတီမှ အသက် ၆၀ နှစ်ရှိ ယွန်းက ဆန္ဒမဲ ၄၈ ဒသမ ၆ ရာခိုင်နှုန်း ရရှိခဲ့ပြီး ဆန္ဒမဲ ၄၇ ဒသမ ၈ ရာခိုင်နှုန်း ရခဲ့သည့် အာဏာရ ဒီမိုကရက်တစ် ပါတီမှ လီဂျေမြောင်းအပေါ်တွင် ပွတ်ကာသီကာဖြင့် အနိုင်ရသွားခဲ့ခြင်း ဖြစ်သည်။

တရားဝင် ကြေညာချက်ကို ကြာသပတေးနေ့ မနက်ပိုင်းတွင် ထုတ်ပြန်ကြေညာဖွယ် ရှိသည်။

ရွေးကောက်ပွဲ အနိုင်ရခဲ့သည့် ယွန်းက ၎င်းအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပါလီမန်ကို လေးစားလိုက်နာသွားမည် ဖြစ်ကြောင်းနှင့် အယူဝါဒ နှစ်ခြမ်းကွဲနေသည့် နိုင်ငံရေးကို ကုစားရန် အတိုက်အခံပါတီများနှင့် လက်တွဲလုပ်ကိုင်သွားမည်ဟု ပြောသည်။

ထို့ပြင် စည်းလုံးညီညွတ်မှုရှိစေရေး အားပေးသွားမည်ဖြစ်ကြောင်းနှင့် ယခု ရွေးကောက်ပွဲက “ကြီးကျယ်သော ပြည်သူတို့၏ အောင်ပွဲ” ဟု ၎င်းက ပြောခဲ့သည်။

ထောက်ခံသူများနှင့် သီးခြားတွေ့ဆုံသည့် အခမ်းအနားတစ်ခုတွင် ယွန်းက ၎င်းအနေဖြင့် “အမျိုးသား စည်းလုံးညီညွတ်ရေး” ကို အဓိက ဦးစားပေးကိစ္စအဖြစ် သတ်မှတ်သွားမည် ဖြစ်ကြောင်း ပြောခဲ့သလို ဒေသဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာနှင့် လူမှုစီးပွားဆိုင်ရာ သဘောကွဲလွဲမှုများ ရှိလင့်ကစား ပြည်သူအားလုံးကို တန်းတူညီမျှ ဆက်ဆံသင့်သည်ဟု ပြောခဲ့သည်။

“ပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းတွေကို အထူးအာရုံစိုက်သွားမှာဖြစ်သလို လိုအပ်တဲ့သူတွေကိုလည်း နွေးထွေးတဲ့ လူမှုဘဝဖူလုံရေး ဝန်ဆောင်မှုတွေ ထောက်ပံ့သွားမှာဖြစ်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ လွတ်လပ်တဲ့ ကမ္ဘာမှာ ဂုဏ်ယူရတဲ့၊ တာဝန်ခံမှု ရှိတဲ့ အဖွဲ့ဝင်တစ်ဦးအနေနဲ့ ကျွန်တော်တို့နိုင်ငံ ရပ်တည်နိုင်အောင်လို့ အစွမ်းကုန် ကြိုးစားသွားပါမယ်” လို့ ယွန်းက ပြောသွားသည်။

ပြိုင်ဘက်ဖြစ်သည့် လီကလည်း ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ဝန်ခံသွားခဲ့ပြီး အနိုင်ရခဲ့သည့် ယွန်းကို ဂုဏ်ပြုစကား ဆိုသွားခဲ့သည်။

သမ္မတသစ်အဖြစ် ရွေးချယ်ခံရသည့် ယွန်းသည် မေလတွင် လက်ရှိ သမ္မတ မွန်းဂျေအင်း၏ နေရာကို အစားဝင်သွားမည် ဖြစ်ပြီး ၎င်း၏ ငါးနှစ်သက်တမ်းကို စတင်ထမ်းဆောင်သွားမည် ဖြစ်သည်။ တောင်ကိုရီးယားတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတများကို ငါးနှစ် သက်တမ်းတစ်ကြိမ်သာ ထမ်းဆောင်ခွင့်ပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly