ကလေးဆေးရုံ ဗုံးကြဲခံရပြီးနောက် လူမျိုးတုံးသတ်ဖြတ်သည်ဆိုကာ ရုရှကို ယူကရိန်း စွပ်စွဲ 

ကလေးဆေးရုံ ဗုံးကြဲခံရပြီးနောက် လူမျိုးတုံးသတ်ဖြတ်သည်ဆိုကာ ရုရှကို ယူကရိန်း စွပ်စွဲ 

မတ် ၁၀

ယူကရိန်းနိုင်ငံတွင် ဝိုင်းရံပိတ်ဆို့ခံ မာရီယူပိုမြို့မှ ပြည်သူများ ထွက်ပြေးလွတ်မြောက်ရန် အပစ်ရပ်ထားသည့်ကြားမှပင် ဗုဒ္ဓဟူးနေ့တွင် ကလေးဆေးရုံတစ်ရုံကို ရုရှလေယာဉ်က ဗုံးကြဲသဖြင့် အပျက်အစီးများအောက် လူနာများ မြုပ်နှံခံလိုက်ရသည်ဟု တာဝန်ရှိသူများက ပြောပြီးနောက် ရုရှသည် လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်နေကြောင်း ယူကရိန်းသမ္မတက စွပ်စွဲသည်။ 

သားဖွား အမျိုးသမီးများ ထိခိုက်ဒဏ်ရာရပြီး ကလေးများ အပျက်အစီးများအောက် ရောက်ရသည်ဟု အာဏာပိုင်များကဆိုသော ယင်းတိုက်ခိုက်မှုသည် ၁၉၄၅ ခုနှစ်မှစကာ ဥရောပတစ်နိုင်ငံ အကြီးမားဆုံး တိုက်ခိုက်ခံရခြင်းဖြစ်သည့် ယူကရိန်းအား ရုရှ ကျူးကျော်မှု ၁၄ ရက်အတွင်း နောက်ဆုံးဖြစ်ပွားသော စိတ်မကောင်းဖွယ်ရာ ဖြစ်ရပ်ပဲ ဖြစ်သည်။ 

အပြစ်မဲ့အရပ်သားများအပေါ် စစ်အင်အား ရိုင်းစိုင်းစွာ အသုံးချမှုဟု အိမ်ဖြူတော်က ဆိုထားသော ယခု တိုက်ခိုက်မှုတွင် ကလေးဆေးရုံသည် တစ်ကြိမ်ထက်မနည်း တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု မာရီယူပိုမြို့ကောင်စီက ပြောသည်။ 

မြို့ရှိ ပိတ်မိနေသော အရပ်သားများ လွတ်မြောက်နိုင်ရန် အပစ်ရပ်ထားမည်ဟု ရုရှက ကတိကဝတ်ပြုထားသည့်ကြားမှပင် ယခု ဖြစ်ရပ်ဆိုး ဖြစ်ပွားခြင်းဖြစ်သည်။ မြို့တွင် လူထောင်ပေါင်းများစွာသည် လျှပ်စစ်မီးနှင့် ရေ သီတင်းပတ်ကျော် မရရှိဘဲ နေနေကြရသည်။ 

“ရုရှနိုင်ငံဟာ ဘယ်လို နိုင်ငံမျိုးလဲ၊ ဆေးရုံတွေကို ကြောက်တာလား၊ သားဖွားဆေးရုံတွေကို ကြောက်တာလား၊ ဒီဆေးရုံတွေကို ဖျက်ဆီးတော့တာပဲလား”ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ဗုဒ္ဓဟူးနေ့နှောင်းပိုင်းတွင် ရုပ်သံမှ မိန့်ခွန်းပြောဆိုသည်။ 

ရုရှအပေါ် တင်းကျပ်သော ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်လည်း အနောက်အုပ်စုကို ဇယ်လန်စကီးက ထပ်မံ တောင်းဆိုပြီး “ဒါမှပဲ သူတို့ စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းမှာ ထိုင်လာပြီး လူမဆန်တဲ့ ဒီစစ်ပွဲ အဆုံးသတ်မှာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။ ကလေးဆေးရုံ ဗုံးကြဲခံရခြင်းနှင့် ပတ်သက်ပြီး “ယူကရိန်းပြည်သူတွေကို လူမျိုးတုံး သတ်ဖြတ်တယ်ဆိုတဲ့ သက်သေပဲ”ဟု ၎င်းက ပြောခဲ့သည်။ 

ထင်မြင်ချက်ပေးရန် ရိုက်တာ၏ မေးမြန်းချက်ကို ရုရှအစိုးရ ပြောခွင့်ရသူ ဒီမီထရီ ပီစကော့က “ရုရှတပ်တွေဟာ အရပ်သား ပစ်မှတ်တွေကို မတိုက်ခိုက်ဘူး”ဟု ပြောဆိုသည်။ ရုရှသည် ၎င်း၏ ကျူးကျော်စစ်ကို အိမ်နီးချင်း ယူကရိန်းနိုင်ငံ၌ လက်နက်ဖြုတ်သိမ်းရန်နှင့် “နာဇီလက်သစ်များ” ဟုခေါ်သည့် ခေါင်းဆောင်များကို ဖြုတ်ထုတ်ရန်အတွက် “အထူးစစ်ဆင်ရေး ဆင်နွှဲခြင်း”ဟုသာ ခေါ်ဆိုထားခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly