ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲ မေလတွင် ရှင်ကျန်းသို့ သွားမည်

ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲ မေလတွင် ရှင်ကျန်းသို့ သွားမည်

ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲ မီရှဲလ်ဘက်ချ်လက်သည် တရုတ်အစိုးရနှင့် သဘောတူညီမှု ရရှိပြီးနောက် ရှင်ကျန်းဒေသအပါအဝင် တရုတ်နိုင်ငံသို့ မေလတွင် သွားရောက်ရန် စီစဉ်ထားသည်။

“ဒီနှစ်မေလမှာ သွားရောက်ဖို့ မျှော်မှန်းထားတဲ့ ခရီးစဉ်အတွက် ကျွန်မရဲ့ရုံးနဲ့ တရုတ်အစိုးရတို့ဟာ သေချာခိုင်မာတဲ့ ပြင်ဆင်မှုတွေကို စတင်လုပ်ဆောင်နေပါပြီ။ ပြင်ဆင်တဲ့အခါ ကိုဗစ်-၁၉ စည်းမျဉ်းတွေကိုပါ ထည့်သွင်းစဉ်းစားရမှာပါ” ဟု ဘက်ချ်လက်က ကုလသမဂ္ဂလူ့အခွင့်အရေးအဖွဲ့သို့ သူမ၏ နှစ်ပတ်လည်အစီရင်ခံစာကို တင်ပြစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့်နှစ် ဇွန်လတွင် ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲက ဝီဂါများအပေါ်အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရန် ရှင်ကျန်းအလည်အပတ်ခရီးစဉ်အချိန်ကာလနှင့်ပတ်သက်ပြီး သဘောတူရန် မျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

မတ်လ ၂ ရက်က လူ့အခွင့်အရေးအဖွဲ့ ၂၀၀ ခန့်က တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်ရှိ အခွင့်အရေး အခြေအနေများနှင့်ပတ်သက်၍ ကာလကြာရှည်ရွှေ့ဆိုင်းထားသော အစီရင်ခံစာကို ထုတ်ပြန်ပေးရန် ဘက်ချ်လက်၏ရုံးအား တောင်းဆိုခဲ့သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးရုံးသည် ကာလကြာရှည်စောင့်ဆိုင်းခဲ့ရသော ရှင်ကျင်းအစီရင်ခံစာကို ထုတ်ပြန်ခြင်းမပြုသေးသောကြောင့် လူ့အခွင့်အရေးအဖွဲ့များက စိုးရိမ်မှုများတိုးလာကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ကန်းနက်ရော့က ပြောကြားခဲ့သည်။ ရှင်ကျန်းအပါအဝင် တရုတ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးရုံး၏ ခရီးစဉ်ကို တရုတ်နိုင်ငံက ကြိုဆိုကြောင်း ဂျီနီဗာရှိ ကုလသမဂ္ဂရုံး၏ အမြဲတမ်းကိုယ်စားလှယ် ချန်းရှူက ဆိုသည်။

"ခရီးစဉ်အတွက် ပြင်ဆင်မှုတွေလုပ်ဖို့ မဟာမင်းကြီးရုံးနဲ့ ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ" ဟု ချန်းက ကျင်းပလျက်ရှိသည့် လူ့အခွင့်အရေးကောင်စီ၏ ၄၉ ကြိမ်မြောက် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly