COVID-19 ကာကွယ်ဆေး ဖြန့်ဝေရာတွင် မမျှတမှု ရှိနေသည့်အပေါ် ကုလ အကြီးအကဲ ဝေဖန်

COVID-19 ကာကွယ်ဆေး ဖြန့်ဝေရာတွင် မမျှတမှု ရှိနေသည့်အပေါ် ကုလ အကြီးအကဲ ဝေဖန်

မတ် ၉

COVID-19 ကပ်ရောဂါသက်တမ်း နှစ်နှစ် ရှိလာခဲ့ပြီးနောက် ယင်းကပ်ရောဂါသည် မပြီးဆုံးသေးကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က မတ်လ ၉ ရက်တွင် သတိပေးပြောဆိုလိုက်ပြီး ကာကွယ်ဆေး ဖြန့်ဝေမှုပိုင်းတွင် မမျှတမှုများ ရှိနေခြင်းကြောင့်လည်း ကပ်ရောဂါသည် နောက်ထပ် အချိန်ရှည်ကြာနိုင်ကြောင်း ၎င်းက ပြောဆိုသွားခဲ့သည်။

“ကပ်ရောဂါကြောင့် ဝမ်းနည်းစရာအကောင်းဆုံး ဆုံးရှုံးမှုတွေဟာ လူသန်းပေါင်းများစွာတို့ရဲ့ ကျန်းမာရေးနဲ့ အသက်တွေအပေါ်မှာ ထိခိုက်ဖြစ်ပေါ်ထားစေခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်း ကူးစက်ခံရသူစုစုပေါင်း ၄၄၆ သန်းကျော်နဲ့ သေဆုံးသူ ခြောက်သန်းကျော် ရှိတယ်လို့ အတည်ပြုထားပါတယ်။ မရေတွက်နိုင်တဲ့ နောက်ထပ်လူအများအပြားဟာလည်း စိတ်ကျန်းမာရေး ထိခိုက်မှုနဲ့ ရင်ဆိုင်လုံးပန်းနေပါတယ်” ဟု ဂူတာရက်စ်က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ပြောဆိုသည်။

“မကြုံစဖူးတဲ့ အများပြည်သူကျန်းမာရေးဆိုင်ရာ အစီအမံတွေနဲ့ ကာကွယ်ဆေးတွေကို တစ်မူထူးခြားစွာ မြန်မြန်ဆန်ဆန် ထုတ်လုပ်ဖြန့်ချိနိုင်မှုတို့ကြောင့် ကမ္ဘာ့ နေရာအရပ်ဒေသအများအပြားမှာ ကပ်ရောဂါကို ထိန်းချုပ်ထားနိုင်နေပါပြီ” ဟု ၎င်းက ပြောသည်။

“ဒါပေမယ့် ဒီ ကပ်ရောဂါကြီး ပြီးသွားပါပြီလို့ တွေးရင်တော့ ဒါဟာ အမှားကြီး မှားသွားပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

“ကာကွယ်ဆေးများ ဖြန့်ဝေမှုပိုင်းတွင် မတော်တလျော် မညီမျှမှု၊ မမျှတမှုတို့ ဆက်ရှိနေသည်” ဟု ဂူတာရက်စ်က မှတ်ချက်ပြုသည်။ “လစဉ်လတိုင်း ကာကွယ်ဆေးပုလင်း ၁ ဒသမ ၅ ဘီလီယံလောက် ထုတ်လုပ်နေတယ်ဆိုပေမယ့် လူပေါင်း သုံးဘီလီယံနီးပါးလောက်ဟာ ခုထက်ထိ ပထမဆုံး ဆေးတစ်လုံး ထိုးနိုင်ဖို့အတွက် စောင့်နေကြရဆဲဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

“ဒီ ပျက်ကွက်မှုကတော့ ဆင်းရဲတဲ့ နိုင်ငံတွေက ပြည်သူတွေရဲ့ ကျန်းမာရေးထက် ချမ်းသာတဲ့ နိုင်ငံတွေမှာ ရှိတဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးကို ဦးစားပေးတဲ့ မူဝါဒ၊ ရသုံးငွေစာရင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေရဲ့ တိုက်ရိုက် ရလဒ်ပဲ ဖြစ်ပါတယ်” ဟု ဂူတာရက်စ်က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required