လှိုင်သာယာမြို့နယ်တွင် စစ်ကောင်စီတပ် ကင်းပုန်း တိုက်ခိုက်ခံရ

လှိုင်သာယာမြို့နယ်တွင် စစ်ကောင်စီတပ် ကင်းပုန်း တိုက်ခိုက်ခံရ

မတ် ၉

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ ဘားအံလမ်းမပေါ် စနေမ ကားမှတ်တိုင် အနီးရှိ စစ်ကောင်စီ ထောက်တိုင် ပျူစောထီးပိုင်ဟု ဆိုသည့် ဆိုင်ကယ် ပြင်ဆိုင်နှင့် ဘားအံလမ်းနှင့် မကွေးလမ်း ထောင့်ရှိ စစ်ကောင်စီ ကင်းပုန်း မတ်လ ၈ ရက် ညပိုင်းက ဖောက်ခွဲ တိုက်ခိုက် ခံခဲ့ရကြောင်း သိရသည်။

ကျော်ကြီး ဆိုင်ကယ်ပြင်ဆိုင်သည် စစ်ကောင်စီတပ် ဖမ်းဆီးလာသော ဆိုင်ကယ်များအား ပြန်လည် ရောင်းချ ပေးနေပြီး ရပ်ကွက် အတွင်း အုပ်စုဖွဲ့ မိုက်ကြေးခွဲကာ မတော်မတရား ငွေတိုးချပြီး ပြည်သူများအား ရိုက်နှက် နှိပ်စက်မှုများ ပြုလုပ်နေကြောင်း တိုက်ခိုက်ခဲ့သည့် From Zero To Hero အဖွဲ့ တာဝန်ရှိသူက ပြောသည်။

"ပျူစောထီး မိသားစုတွေ ပေါ့ဗျာ၊ တစ်ခါတလေ အဲ့ဆိုင်ကယ်ဆိုင်မှာ ရပ်ကျေး ဆိုတဲ့ နွားတွေကလည်း အဝင်အထွက် ရှိတယ်၊ ဒုတိယ တစ်လုံးက ကင်းပုန်း ချထားတဲ့ တိုက်နားမှာ ဖောက်ခွဲ လိုက်တာဗျ၊ သူတို့ အင်အားက ငါးယောက်လောက်တော့ ရှိတယ်၊ ကင်းပုန်းချတဲ့ နေရာကို ဖောက်ခွဲတော့ ပေါက်ကွဲမှု ပြင်းအားများပြီး အနီးနားက ကောင်းဇေ ဆေးခန်းက မှန်တွေ ကွဲသွားတယ်ဗျ" ဟု ၎င်းက ပြောသည်။

ကောင်းဇေ ဆေးကုခန်း မှန်များကွဲမှု အနူးအညွတ် တောင်းပန်ကြောင်း လူထိခိုက်မှု မရှိကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

"ပေါက်ကွဲသံက တော်တော်ကျယ်တယ်၊ ကျွန်တော်တို့ (၂၆) ရပ်ကွက်ကတောင် ကြားရတယ်ဗျ၊ ထိခိုက်မှု ရှိတယ်လို့တော့ မကြားဘူး" ဟု လှိုင်သာယာ ဒေသခံက ပြောသည်။

မတ်လ ၅ ရက်နေ့ကလည်း လှိုင်သာယာမြို့နယ်၊ (၁၀) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ရုံးတွင်းရှိ လူနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

#Mizzima

#လှိုင်သာယာမြို့နယ်

#ကင်းပုန်း

#FromZeroToHero

#ဖောက်ခွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required